Home > Uncategorized > သစ်ပင်တွေ အမြန်ကြီးထွားကြပါစေ

သစ်ပင်တွေ အမြန်ကြီးထွားကြပါစေ

သစ်ပင်တွေ အမြန်ကြီးထွားကြပါစေ

မောင်ချမ်းမြ

(မျက်မှောက်ခေတ် လူမှုသဘာဝပတ်ဝန်းကျင် ဆောင်းပါး)

သစ်ပင်ငယ်ငယ်လေးတွေကြားမှာ မိုးကာတွေမိုးထားသည့် စစ်ရှောင်စခန်းကို ကြည့်ရင်း ကျနော့်မျက်နှာသည် ချွေးချွေးဒီးဒီးကျနေပါသည်။

နေရောင်က အရိပ်မဲ့သော တဲတွေပေါ်ကို ထင်းထင်းကြီးရိုက်ခတ်နေသည်။ အင်္ကျီလက်ရှည်ဝတ်ပြီး ဦးထုပ်ဆောင်းထားသော်လည်း ကိုယ်ခန္ဓာကပူနေသည်။ ထို့ထက်ရင်တွင်းက အပူက ပိုပါသည်။

မိုးကာတဲလေးတွေနဲ့ နေထိုင်ကြတဲ့သူတွေသည် မီးလောင်ပြင်ဖြစ်ခဲ့သော ရွာမှ သစ်ပင်အရိပ်မရသေးသော ဤနေရာသို့ ပြောင်းရွှေ့ခဲ့ကြခြင်းဖြစ်သည်။ တနည်းအားဖြင့် မီးလောင်ပြင်မှ ပူသောနေရာသို့ ရွှေ့ခဲ့ကြခြင်းဖြစ်သည်။ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေက သူတို့ရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။ စစ်အစိုးရလက်ထက်အဆက်ဆက် ကတည်းက သန္ဓေတည်ခဲ့သော ဆင်းရဲမွဲတေမှုနဲ့ အသိဉဏ်ပညာချို့တည့်မှုက သစ်တောတွေကို ပြုန်းတီးစေခဲ့သည်။ မီးလောင်ပြင်မှ ပြောင်းရွှေ့ခဲ့ရသူတွေအဖို့ တောရိပ်သည်မရှိတော့ပါ။

“ဒီနေရာက သစ်ပင်တွေက မကြီးသေးဘူး။ ဒီလောက်အပင်တွေရှိတာတောင် ပြီးခဲ့တဲ့နှစ်နှစ်သုံးနှစ်က ဆရာတော်က သာသနာ့နယ်မြေအဖြစ်သတ်မှတ်ပြီး သစ်ပင်တွေမခုတ်ခိုင်းတော့လို့” ဆိုပြီး စစ်ရှောင်စခန်းတဲလေးတစ်ခုမှာ နေထိုင်သူတစ်ဦးက ပြောသည်။

မည်သို့သော နယ်မြေအဖြစ်သတ်မှတ်သည်ဖြစ်ပါစေ သစ်တောတွေမပြုန်းတီးဖို့ ၊ သစ်ပင်တွေဟာ အများအတွက်ဖြစ်ဖို့က အရေးကြီးပါသည်။

အာဏာသိမ်းပြီးနောက် သစ်တောပြုန်းတီးမှုတွေပိုများလာပါသည်။ “ခုတ်စရာရှိတာခုတ်ရမှာပဲ။ နောက်တော်လှန်ရေးပြီးရင် ပြန်စိုက်မယ်” ဆိုသည့် စကားမျိုးကိုလည်း ကြားရပါသည်။ သစ်ပင်သစ်တောဆိုသည်က ခုစိုက်ခုမရတာ ကလေးတောင်နားလည်ပါသည်။ လိုအပ်ချက်အရ မဖြစ်မနေခုတ်ကြရမည်ဖြစ်သော်လည်း စည်းနဲ့ကမ်းနဲ့ခုတ်ပါမှ သစ်ပင်သစ်တော အဆက်မပြတ်မည်ဖြစ်ပါသည်။

လက်ရှိစစ်ရှောင်စခန်းက သစ်ပင်တွေတောင် အရိပ်ရသစ်ပင်တွေဖြစ်အောင် နှစ်ချီစောင့်ရဦးမည်ဖြစ်သည်။ သစ်ပင်တွေမကြီးသေးသ၍ စခန်းတွင်းကသူတွေသည် နေ့လယ်ဆိုရင် ခါးလောက်သာမြင့်သည့် တဲလေးတွေအောက် ခေါင်းငုံ့ဝင်ပြီး အပူဒဏ်အနည်းငယ်သက်သာရာတဲအောက်တွင် လှဲအိပ်နေကြရဦးမည်ဖြစ်သည်။ သူတို့ရဲ့ရွာကိုလည်း ဘယ်အချိန်ပြန်ရမည်ကိုမသိနိုင်သေး။ သူတို့ရွာကိုပြန်ပြီး နေကြရလျှင်လည်း ရွာမီးလောင်ပြင်မှာ သစ်ပင်တွေမရှိတော့ပါ။

အထက်ပါကျနော်ပြောခဲ့တာတွေက စခန်းလေးတစ်ခုအကြောင်းသာ ဖြစ်သည်။ တကယ်တော့ ကျနော်တို့နိုင်ငံသည်လည်း ထိုစခန်းလေးလိုဖြစ်နေသည်။ နိုင်ငံဧရိယာနဲ့စာပါက သစ်တောတွေက နည်းပါးလာသည်။ တောင်ကတုံးတွေကများလာသည်။ စစ်ကောင်စီလက်ချက်ကြောင့် အညာဒေသတစ်ခုလုံးလည်း မီးလောင်ပြင်ကြီးဖြစ်နေပါသည်။

ကျနော်တို့သည် ကိုယ့်ပြည်သူပြည်သား၏ အသက်ကိုပင်သတ်ဖြတ်ပြီး ပြည်သူ၏စည်းစိမ်ဥစ္စာကို ဖျက်ဆီးနေသော စစ်ကောင်စီကို အမြစ်ဖြတ်တိုက်ပစ်ရုံမှတပါး သူတို့နဲ့ပတ်သက်ပြီး အခြားလုပ်စရာလမ်းမရှိတော့ပါ။

ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ကိစ္စကိုလည်း တော်လှန်ရေးအင်အားစုတွေအားလုံး၊ ပြည်သူတွေအားလုံးက ထည့်သွင်းစဥ်းစားကြရမည်ဖြစ်သည်။ ကျနော်တို့ ပြန်လည်ထူထောင်ရေးကာလမှာ အများကြီးလိုအပ်ဦးမည်။ သစ်ပင်တွေအများကြီး ကြီးထွားအောင်စောင့်ရှောက်ဖို့ လိုပါသည်။

#မောင်ချမ်းမြ

(အပတ်စဥ် အင်္ဂါနေ့တိုင်း လူမှုသဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်သည့်ဆောင်းပါးကို မျက်မှောက်ခေတ်က ဖော်ပြပါသည်။)

error: Content is protected !!