လူ့အမှိုက်တွေ ကင်းစင်ကြပါစေ
တက်နေထွန်း
(မျက်မှောက်ခေတ် ဆောင်းပါး)
ကျနော်တို့မြန်မာတွေဟာ ပျော်တတ်တဲ့နေရာ၊ အပျော်ကြိုက်တတ်တဲ့နေရာ၊ အခက်အခဲကို ဟာသလုပ်ပစ်တဲ့နေရာမှာ နာမည်ကြီးပါတယ်။ ဟိုအရင်ကတညလုံးမအိပ်ဘဲ မိုးလင်းပေါက်ပွဲက၊ ပွဲကြည့်ကြတာကိုလည်း ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။
မြန်မာတွေဟာ ကိုယ်ရင်ဆိုင်ရမယ့် အခက်အခဲကိုလည်း ဟာသလုပ်ပစ်တတ်ကြပါတယ်။ ဂျပန်ခေတ်က ဂျပန်တွေဝင်လာလို့ သွားကြိုတော့ ပါးဆီးရိုက်ခံရတဲ့ ရွာကတစ်ရွာက လူတွေဟာ သူတို့ရွာပြန်ရောက်တော့ ဂျပန်က ရွာကဘယ်သူ့ကို ပါးရိုက်လိုက်တဲ့အခါ ဘယ်လိုဖြစ်သွားကြောင်း ပြောပြီး ရယ်မောကြတဲ့အကြောင်း ကလောင်နာမည် မမှတ်မိတော့တဲ့ အဲ့ဒီခေတ် စာရေးဆရာတစ်ယောက်ရေးတာ ဖတ်ဖူးပါတယ်။
အခက်အခဲကို ဟာသလုပ်ပစ်တာဟာ နေရာတိုင်းကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။ ဟာသလုပ်တယ်ဆိုတဲ့နေရာမှာ ဘယ်လိုမှ ရှောင်လွှဲလို့မရတဲ့ ဒုက္ခကိုမှ ဟာသလုပ်ပြီး ဖြေဖျောက်ရတာပါ။
လူမျိုး၊ ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး စသဖြင့် အရေးကြီးတဲ့ ကိစ္စတွေမှာပါ လိုက်ဟာသလုပ်နေရရင်တော့ အသိဉာဏ်နုံနဲ့လွန်းရာ ကျပါတယ်။ လေးလေးနက်နက် ဆောက်ရွက်ရမယ့် နေရာကိုလည်း ပေါတောတောလူတွေ ဝင်လုပ်သလို ဖြစ်နေတတ်ပါတယ်။
“လှတောသား စကားကြွယ်” ဆိုပြီး လှတောရွာသားတွေ ပြောဆိုခဲ့ကြတဲ့ စကားကိုတောင် ကျောင်းသင်ရိုးတွေမှာပါ ခဲ့ပါတယ်။ တကယ်တော့ လှတောသားမှရယ်လို့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက ကျေးရွာလေးတွေဟာ သူတို့ကိုဖျော်ဖြေမူပေးတဲ့ အရာဆိုလို့ တစ်နှစ်တစ်ခါလောက်သာ ကျင်းပတဲ့ ဘုရားပွဲတွေလောက် ရှိတာမို့ ကိုယ့်အချင်းချင်း စကားအရာနဲ့ပဲ ဖျော်ဖြေခဲ့ကြရတာ ဖြစ်ပါတယ်။ အချင်းချင်းစကားကတ်တာ၊ စကားနိုင်လုတာ တွေနဲ့ဖျော်ဖြေခဲ့ကြရတာပါ။
ခုတော်လှန်ရေးကာလ၊ ထူထောင်ရေးကာလမှာတော့ စကားအရာတွေကို လျှော့ပြီး အလုပ်များများလုပ်ကြဖို့ တကယ်လိုအပ်ပါတယ်။ မလုပ်နိုင်ရင်လည်း ” ပေါက်တတ်ကရစကား ကတ်တာကို” ကိုယ့်ဟာကိုယ် အဟုတ်ကြီးထင်နေတဲ့သူတွေဟာ အရေမရအဖတ်မရတွေ ပြောနေရမယ့်အချိန်လည်း မဟုတ်ပါဘူး။ ဒါမျိုးလူတွေကို ရပ်ရွာ အစည်းအဝေးတွေမှာ တွေ့ရရင် အားမနာတမ်း တားမြစ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
ပျော်ပျော်နေတတ်တာဟာ ကောင်းတယ်ဆိုပေမယ့် လက်ရှိအချိန်ဟာ ပျော်ပျော်နေရမယ့်အချိန် မဟုတ်ပါဘူး။ စကားနိုင်တွေလု၊ စကားတွေကတ်ပြီး အချိန်ဖြုန်းနေရမယ့် အချိန်လည်း မဟုတ်ပါဘူး။ လက်တစ်ဖက်တတ်နိုင်ရင် လက်တစ်ဖက် ဝိုင်းလုပ်ကြရမယ့် အချိန်ဖြစ်ပါတယ်။
ကျနော်တို့ မြန်မာတွေဟာ ပေါက်တတ်ကရပြောပြီး အချိန်ဖြုန်းတဲ့ နေရာမှာ ပထမစွဲလောက်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ဒိလိုသေးနုပ်တဲ့ကိစ္စတွေကစ လိုက်ရေးနေရတာပါ။ အသိရှိသူတွေ သည်းခံပေးကြပါလို့ မေတ္တာရပ်ခံပါရစေ။
စကားဆိုတာ စိတ်ကနေလာပါတယ်။ စိတ်က အထက်တန်းမကျသ၍ စကားတွေကလည်း အကောင်းမထွက်နိုင်ပါဘူး။
စိတ်အထက်တန်းမကျသမျှ လူမှုအဖွဲ့အစည်းအတွက် အကျိုးရှိတဲ့အလုပ်တွေကို မလုပ်နိုင်ပါဘူး။ လူ့အမှိုက်တွေ ဖြစ်နေဦးမှာပါပဲ။ ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ လူ့အမှိုက်တွေ ကင်းစင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
#တက်နေထွန်း