Home > သတင်း > စစ်ရေး > ယင်းမာပင်ခရိုင်အတွင်း သွားလာနေကြတဲ့ မော်တော်ယာဉ်တွေအန္တရာယ်ကင်းရှင်းရေး သတိပေးချက် ထုတ်ပြန်

ယင်းမာပင်ခရိုင်အတွင်း သွားလာနေကြတဲ့ မော်တော်ယာဉ်တွေအန္တရာယ်ကင်းရှင်းရေး သတိပေးချက် ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ရိုးအနောက်ဖက်ခြမ်းရှိ ယင်းမာပင်ခရိုင် နယ်မြေဒေသအတွင်း ဖြတ်သန်းသွားလာနေကြတဲ့ ကုန်တင်ကား၊ အိမ်စီးကား၊ လူမှုကူညီရေးအသင်းကားတွေအနေနဲ့ မိုးကာအုပ်သွားလာခြင်း၊ မှန်တင်မောင်းခြင်း၊ လမ်းမကြီးများပေါ်တွင် ကြုံသလို ရပ်နားခြင်း မပြုလုပ်ကြရန် ချင်းတွင်းမြစ်ရိုးအနောက်ဖက်ဒေသရှိ တော်လှန်ရေးအဖွဲ့အစည်းတွေက အသိပေး တားမြစ်‌ချက်ကို စက်တင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

“စစ်ကောင်စီတပ်တွေက သူတို့ပေါ်တင်မလာရဲတော့ အရပ်ကားတွေသုံးတယ်။ ကျန်းမာရေးကားတွေသုံးတယ်။ အရပ်သားဟန်ဆောင်လာတယ်။ ပေါ်တင်လာရင်လည်း တွေ့တဲ့သူဖမ်းပြီး ရှေ့ကနေ လူသားဒိုင်းလုပ်ပြီး လာတယ်။ မနေ့က နဘူးတော ဖြစ်စဉ်မျိုးဆိုရင် သဲကားလိုဟာ သုံးပြီး အကြမ်းဖက် လူသတ်တာတွေ လုပ်သွားတာ။ ဒေသတွင်းမှာ အလားတူ နောက်ထပ်အဖြစ်မျိုး မဖြစ်ဖို့ ကားသမားတွေ ဆင်ခြင်ရှောင်ရှားနိုင်စေဖို့ သတိပေးချက်ထုတ်တာပါ။”လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးက ပြောပါတယ်။

ယင်းမာပင်မြို့နယ်အတွင်း နေ့စဉ်ရက်ဆက်ဆိုသလို စစ်ကောင်စီအကြမ်းဖက်တပ်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်တာ ခံနေကြရပါတယ်။ စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း ယင်းမာပင်မြို့နယ်အတွင်းက ဘန့်ဘွေးအုပ်စု၊ နဘူးတောအုပ်စုမှာ ပြည်သူစုစုပေါင်း ၈ ဦးသေဆုံးခဲ့ပြီး ၂၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဖမ်းဆီးခံရသူအချို့လည်း။ရှိခဲ့ပါတယ်။ ဒါ့အပြင် နေအိမ်အချို့လည်း။လက်နက်ကြီးထိမှန်လို့ ပျက်စီးတာ၊ တမင်ဝင်ရောက်ဖျက်ဆီးတာတွေလည်း ရှိခဲ့ပါသေးတယ်။

ဒီအတွက် နောက်ထပ် အလားတူကိစ္စမျိုး မဖြစ်ပေါ်ရအောင် အသိပေးတားမြစ်ချက် ထုတ်ပြန်တာ ဖြစ်ပြီး တကယ်လို့ အသိပေးတားမြစ်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိလို့ တစုံတရာဖြစ်ပေါ်လာရင် လိုက်နာခြင်းမရှိသူရဲ့ တာဝန်သာ ဖြစ်တဲ့အကြောင်း ကိုလည်း ထပ်မံ သတိပေးထားပါတယ်။

#မျက်မှောက်ခေတ် #စစ်အာဏာရှင်ဆန့်ကျင်ရေး #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #သတိပေးတားမြစ်ချက် #ယင်းမာပင်ခရိုင်

error: Content is protected !!