ဖုန်းနှင့် အင်တာနက် ၁၀ မြို့နယ်ထိ ဖြတ်ခံထားရတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီအကြမ်းဖက်တပ်က ပစ်ခတ်သတ်ဖြတ်လို့ ၃ ရက်အတွင်း သေဆုံးသူစုစုပေါင်း ၂၉ ဦး ရှိလာနေပြီဖြစ်ပါတယ်။ ဖော်ပြပါသတင်းတွေက မျက်မှောက်ခေတ်က ဆက်သွယ်မေးမြန်းရရှိထားတဲ့ သတင်းတွေသာ ဖြစ်ပြီး ဖုန်းလိုင်း၊ အင်တာနက်မရတဲ့ ဒေသတွေက အခြေအနေတွေကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။စက်တင်ဘာလ ၂၄ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာကို ရောက်ရှိလာတဲ့ စစ်ကောင်စီအကြမ်းဖက်တပ်က အကြောင်းမဲ့ညပစ်ခတ်ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပြီး အသက် ၃၀ ဝန်းကျင်ရှိ ကိုမြင့်သန်းဦးဆိုသူကို ပစ်သတ်ထားခဲ့ကာ တခြားသူတချို့ကိုလည်း ဖမ်းဆီးနှိပ်စက်တာတွေ ရှိခဲ့ပါတယ်။ အဆိုပါ စစ်ကြောင်းက ပုလဲ၊ ယင်းမာပင်နယ်တကြောကို လှည့်လည်သွားလာနေပြီး ရွာတွေအတွင်းဝင်ရောက်ကာ တွေ့သမျှ ဖမ်းဆီးနှိပ်စက်တာ၊ နေအိမ်အဆောက်အဦးတွေ ဖျက်ဆီးတာ၊ အလှကုန်တွေအပါအဝင် ပစ္စည်းတွေ လုယက်ယူဆောင်တာ စတာတွေကို ပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလ ၂၅ _ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနှင့် စစ်ကောင်စီအကြမ်းဖက်တပ်၊ ပျူစောထီးတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဆိုပါ တိုက်ပွဲအတွင်း ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လူငယ် ၁၅ ဦး ကျဆုံးခဲ့ကာ စစ်ကောင်စီအကြမ်းဖက်တပ်ဖက်ကလည်း ၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပင်လည်ဘူးမြို့နယ်အတွင်းမှာ အသေအပျောက်များခဲ့တဲ့ စစ်ကောင်စီအကြမ်းဖက်တပ်က မြို့နယ်တွင်း ကျေးရွာတချို့ကို လေကြောင်းကတဆင့် လာရောက် ဗုံးကြဲတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့အတွက် ပြည်သူထိခိုက်ကျဆုံးအခြေအနေတော့ မသိရသေးပါဘူး။
စက်တင်ဘာလ ၂၆ _ ခင်ဦးမြို့နယ်အတွင်း အင်အား ၅၀ ခန့်ပါတဲ့ စစ်ကောင်စီအကြမ်းဖက်တပ်တွေက ဆိုင်ကယ်၊ ကားတွေကို အသုံးပြုကာ မြို့နယ်အနောက်ဖက်ခြမ်းဒေသရှိ အောင်သာ၊ မှန်တော၊ ကျွန်လယ် စတဲ့ကျေးရွာတွေကို ဝင်ရောက်စီးနင်း ပစ်ခတ် ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။ အကြမ်းဖက်တပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေနတ်မှန်သေဆုံးခဲ့ပြီး တဦးဒဏ်ရာရရှိကာ နှစ်ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ သေဆုံးဒဏ်ရာရသူ ပျောက်ဆုံးသူတွေက ဘယ်သူတွေဖြစ်တယ်ဆိုတာတော့ မသိရသေးပါဘူး။
ယင်းမာပင်မြို့နယ်အတွင်းက ဘန့်ဘွေးအုပ်စု လေညှင်းတောင်မှာ ကတုတ်ကျင်းတူ အခိုင်အမာ တပ်စွဲထားတဲ့ အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီအကြမ်းဖက်တပ်က ဘန့်ဘွေး၊ ကံစု စတဲ့ကျေးရွာတွေကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးခဲ့ပြီး ဓားစာခံအဖြစ် ဖမ်းဆီးခံရတဲ့ တက္ကသိုလ်ကျောင်းသားတဦးအပါအဝင် လူငယ် ၃ ဦးကို ရွာပြင် တောတနေရာမှာ အကြောင်းမဲ့ ပစ်သတ်ခဲ့ပါတယ်။ အဆိုပါပစ်ခတ်သတ်ဖြတ်မှုကြောင့် စိုးနိုင်လင်း (၂၇ နှစ်)၊ စိုးနိုင်ထွန်း (၂၃ နှစ်) နှင့် ကိုကျော် (၃၀ နှစ်) တို့မှာ သေဆုံးသွားခဲ့ပြီး ကျန်အမည်မသိနှစ်ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ညဦးပိုင်းမှာတော့ ယင်းမာပင်မြို့နယ်၊ နဘူးတော၊ ကွေ့ချောင်းစတဲ့ကျေးရွာအနီးမှာ စစ်ကောင်စီအကြမ်းဖက်တပ်က လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်လို့ အသက် ၆၀ အရွယ် အမျိုးသမီးတဦးအပါအဝင် စုစုပေါင်း ၅ ဦး သေဆုံးခဲ့ပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရကာ ညတွင်းချင်း နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ ချင်းတွင်းတံတား(မုံရွာ)မှာလည်း စစ်ကောင်စီအကြမ်းဖက်တပ်က အကြောင်းမဲ့ ပစ်ခတ်ေခြာက်လှန့်တာတွေ ပြုလုပ်ခဲ့ပါသေးတယ်။
ကလေးမြို့နယ်၊ သာစည်အထကကျောင်းဝင်းအတွင်းမှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီအကြမ်းဖက်တပ်တွေက အရပ်သား ကိုသန်းထိုက်အောင်နှင့် CDM ရဲဝန်ထမ်း ကိုဇော်မျိုးထွဋ်တို့ကို ရွာအနောက် သင်္ချိုင်းကုန်းကို ဖမ်းဆီးခေါ်ဆောင်ကာ ညှဉ်းပန်းနှိပ်စက်ပြီး ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရွာက ပြည်သူတချို့ကိုလည်း ဖမ်းဆီးတာတွေ ရှိခဲ့ပါသေးတယ်။
စက်တင်ဘာ ၂၇ _ ဒီနေ့ နေ့လည် ၁၂ နာရီအချိန်ထိ စုစည်းရရှိထားတဲ့ သတင်းတွေအရ ဒီမနက်အစောပိုင်းမှာေတာ့ မုံရွာမြို့နယ်အတွင်းက မုံရွေး၊ ကြေးမုံရွာကို စစ်ကောင်စီအကြမ်းဖက်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။ အဆိုပါ ပစ်ခတ်မှုကြောင့် ပြည်သူ နှစ်ဦး သေနတ်ထိမှန်သေဆုံးပြီး အဲဒီထဲက တဦးကိုတော့ ကားနဲ့ပါ တက်ကြိတ်သွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ဒါ့အပြင် နောက်ထပ် ၁၀ ဦးလည်းထပ်မံဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။ မုံရွေးကြေးမုံရွာကို စစ်ကောင်စီအကြမ်းဖက်တပ်က မကြာခဏဆိုသလို ဝင်ရောက်ဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။
စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း ယင်းမာင်၊ ကနီ၊ ပုလဲ၊ ဘုတလင်၊ အရာတော်၊ ဝက်လက်၊ ရေဦး၊ တန့်ဆည်၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး စတဲ့ မြို့နယ်တွေကို အင်တာနက်နှင့် ဖုန်းလိုင်းတချို့ ဖြတ်တောက်ထားပါတယ်။ မင်းကင်းမြို့နယ်ကနေရာတချို့ကတော့ အာဏာမသိမ်းခင်ကတည်းကနေ ဒီနေ့အချိန်ထိ ဖုန်းလိုင်းမမိသေးတဲ့ ကျေးရွာတွေ ရှိနေဆဲဖြစ်ပါတယ်။
တိုင်းအတွင်း အင်တာနက်ဖြတ်တောက်ခံထားရတဲ့ မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်က လေကြောင်း၊ ရေကြောင်းပါအသုံးပြုကာ အကြီးအကျယ်ထိုးစစ်ဆင်နေပြီး မီးရှို့တာ၊ လူသတ်တာ၊ လုယက်တာ၊ မုဒိမ်းကျင့်တာအပါအဝင် စစ်ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်နေပြီး သောင်းနဲ့ချီတဲ့ ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
#မျက်မှောက်ခေတ် #အပြစ်မဲ့ပြည်သူအသတ်ခံရ #စစ်ကောင်စီအကြမ်းဖက်တပ် #စစ်အာဏာရှင်ဆန့်ကျင်ရေး #စစ်ကိုင်းတိုင်း