Home > သတင်း > စစ်ရေး > စစ်ရေးအင်အားတိုးချဲ့နေတဲ့ စစ်ကိုင်းတိုင်းကို စကစဒုဥက္ကဌ ဒုဗိုလ်ချုပ်မှုးကြီး စိုးဝင်းလာရောက်မယ်လို့ သတင်းထွက်ပေါ်

စစ်ရေးအင်အားတိုးချဲ့နေတဲ့ စစ်ကိုင်းတိုင်းကို စကစဒုဥက္ကဌ ဒုဗိုလ်ချုပ်မှုးကြီး စိုးဝင်းလာရောက်မယ်လို့ သတင်းထွက်ပေါ်

အာဏာသိမ်းစစ်ကောင်စီ ဒုဥက္ကဌ ဒုဗိုလ်ချုပ်မှုးကြီးစိုးဝင်းက အောက်တိုဘာလ ပထမပတ်အတွင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ မုံရွာမြိ့ကို လာရောက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီအတွက် မုံရွာမြို့မှာ စစ်အင်အားတိုးချဲ့ထားပြီး လုံခြုံရေးတင်းကြပ်ကာ ပိတ်ဆို့တားဆီး စစ်ဆေးတာတွေလည်း အရင်ကထက် နေရာ ခပ်စိပ်စိပ် ပြုလုပ်နေပါတယ်။ ဒါ့အပြင် တပ်တွင်း တပ်ပြင် လုံခြုံရေးကို အထူးစီမံနေပြီး လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိကြဖို့ တပ်လှန့်ထားတယ်လို့လည်းတပ်တွင်း ရင်းမြစ်တခုက ပြောပါတယ်။

စစ်ကောင်စီအကြမ်းဖက်တပ်က အပစ်ရပ် ၅ လကြေငြာထားပေမယ့် ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်းတွေကိုတော့ စစ်အင်အားတိုးချဲ့တာ‌တွေ ပြုလုပ်နေပါတယ်။

မနေ့ကလည်း မုံရွာမြို့ကို မိုးကာအလုံအုပ်တဲ့ စစ်ကားတွေ၊ ရိက္ခာကားတွေအပါအဝင် စုစုပေါင်း ၁၀၈ စီး ရောက်ရှိလာခဲ့ပြီး အလုံ နမခအတွင်းကို ဝင်သွားတယ်လို့ ဒေသခံ သတင်း‌ရင်းမြစ်တွေက အတည်ပြုပါတယ်။

အာဏာသိမ်းစစ်ကောင်စီ ဒုဥက္ကဌ ဒုဗိုလ်ချုပ်မှုးကြီးစိုးဝင်းက မုံရွာမြို့ကို ဘာကြောင့်လာရောက်တယ်ဆိုတာတော့ မသိရသေးပေမယ့် တပ်ပြေးများလာနေတဲ့ကိစ္စ၊ စစ်ဆင်ရေးတိုးမြှင့်မယ့်ကိစ္စတွေနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ တပ်တွင်းရင်းမြစ်က သုံးသပ်ပြောဆိုထားပါတယ်။ သူကိုယ်တိုင် နမခမှာ ၂၀၀၈ ခုနှစ်က တိုင်းမှုးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိအာဏာသိမ်းမှုဖြစ်စဉ်မှာလည်း ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းဖို့ အမိန့်ပေးခဲ့သူတဦးလည်းဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကိုင်းတိုင်းကို ကစထ ၆ မှုး၊ ပြည်ထဲရေးဒုဝန်ကြီး ရဲချုပ် ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်ကိုယ်တိုင် အထိုင်ချလာရောက်ကာ စစ်ဆင်ရေးတွေကို အနီးကပ် ကွပ်ကဲနေတယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်းကို လက်ရှိအချိန်ထိ စစ်ကောင်စီအကြမ်းဖက်တပ်က အုပ်ချုပ်နိုင်ခြင်းမရှိသေးပါဘူး။ နေ့စဉ်နဲ့အမျှ ဆန္ဒပြပွဲတွေ၊ ဒေသကာကွာ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ၊ မြို့ပြပြောက်ကျားလှုပ်ရှားမှုတွေရှိနေဆဲဖြစ်ပါတယ်။ လုံခြုံရေးတင်းကြပ်ထားတဲ့မုံရွာမြို့မှာ နေ့စဉ်ပေါက်ကွဲမှုတွေ ဖြစ်ပေါ်နေပြီး အောက်တိုဘာလ ၁ ရက်နေ့ မနက်ကလည်း ဇလုပ်အဝိုင်းအနီးမှာ ပေါက်ကွဲမှုဖြစ်ကာ ရဲတဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကိုင်းတိုင်းက မြို့နယ် ၁၀ မြို့နယ် အင်တာနက်ဆက်သွယ်ရေး ဖြတ်တောက်ခံထားရပြီး စစ်ကောင်စီအကြမ်းဖက်တပ်တွေရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွင်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေလည်း ထောင်သောင်းချီကာ ရှိနေပါတယ်။ အင်တာနက်ဖြတ်တောက်ခံရတဲ့ ဒေသတွေက ပြည်သူတွေမှာ နေ့စဉ်နဲ့အမျှ စစ်ရာဇဝတ်မှုတွေလည်း ကြုံတွေ့ခံစားနေကြရပါတယ်။

#မျက်မှောက်ခေတ် #စစ်ကောင်စီအကြမ်းဖက်တပ် #စိုးဝင်း #စစ်ကိုင်းတိုင်း

error: Content is protected !!