Home > သတင်း > စစ်ရေး > ကောလင်းခရိုင်အတွင်း စစ်ကောင်စီအကြမ်းဖက်တပ်က ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ထား

ကောလင်းခရိုင်အတွင်း စစ်ကောင်စီအကြမ်းဖက်တပ်က ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ထား

စစ်ကောင်စီအကြမ်းဖက်တပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဖက်က အထိနာနေတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်အတွင်းက မြို့နယ်တွေကို ဖုန်းလိုင်းနှင့် အင်တာနက်ဆက်သွယ်ရေးတွေကို စစ်ကောင်စီအကြမ်းဖက်တပ်က စက်တင်ဘာလ ၂၆ ရက်နေ့ မနက်အစောပိုင်းကတည်းက ဖြတ်တောက်ထားပါတယ်။

“ညကတည်းကလို့ သိရတယ်။ ဖုန်းလိုင်းက ရလိုက် မရလိုက်ပဲ။ နဂိုကတည်းက အဲဒီဒေသတွေက ဖုန်းလိုင်းက နေရာတိုင်းမမိဘူး။ ည ၁၂ လောက်ကတည်းက ဖြတ်တာ။”လို့ ကောလင်းမြို့နယ် ဒေသခံတဦးက ပြောပါတယ်။ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းတွေကို ကောလင်းခရိုင်အတွင်း ကောလင်း၊ ဝန်းသိုနှင့် ပင်လည်ဘူးစတဲ့ မြို့နယ်တွေမှာ ဖြတ်တောက်ခံထားရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပင်လည်ဘူးမြို့နယ်အတွင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီအကြမ်းဖက်တပ်တွေကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက နှစ်ရက်တိတိ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီအကြမ်းဖက်တပ်ဖက်က အရာရှိတွေအပါအဝင် ၄၀ ဝန်းကျင်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများကိုလည်း ဒေသကာကွယ်ရေးတပ်တွေက သိမ်းဆည်းရမိခဲ့ပါတယ်။

ပင်လည်ဘူးမြို့နယ်အတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီအကြမ်းဖက်တပ်က ကြည်းကြောင်းတင်မက လေကြောင်းကပါ ထိုးစစ်ဆင်နေပြီး စက်တင်ဘာလ ၂၅ ရက်နေ့က ကျေးရွာတချို့ကို ရဟတ်ယာဉ်နှစ်စီးနဲ့ ဗုံးကြဲတာတွေလည်းပြုလုပ်နေပါတယ်။ စစ်ကိုင်းတိုင်းအတွင်း ဖုန်းနှင့် အင်တာနက်ဖြတ်တောက်ခံထားရတဲ့ မြို့နယ်အရေအတွက် တိုးလာနေပြီး ၁၀ မြို့နယ်ထိ ရှိလာနေပြီဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းတင်မက မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့က မြို့နယ်တချို့မှာလည်း အင်တာနက်ဖြတ်တောက်မှုကို ကြုံတွေ့နေရပါတယ်။ ချင်းပြည်နယ်အတွင်းမှာတော့ အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် မြန်မာဖုန်းလိုင်းတွေ အားလုံး ပိတ်ခံထားရတယ်လို့လည်း ဒေသခံသတင်းမီဒီယာတွေက အစီရင်ခံထားပါတယ်။

လက်ရှိမှာ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဒေသတွေကို စစ်ကောင်စီအကြမ်းဖက်တပ်က ကြည်းကြောင်း၊ လေကြောင်း ထိုးစစ်ဆင်တာတွေလည်း ပြုလုပ်နေပြီး ချင်းတွင်းမြစ်အတွင်းမှာ ရေကြောင်းကပါ ထိုးစစ်ဆင်လာနေတာတွေလည်း ရှိနေပါတယ်။ အဆိုပါ ဒေသတွေမှာ စစ်ကောင်စီအကြမ်းဖက်တပ်တွေရဲ့ တရားမဲ့ပြုကျင့်မှုတွေကို နေ့စဉ်ကြုံတွေ့ခံစားနေကြရတယ်လို့လည်း ဒေသခံတွေက ပြောဆိုထားပါတယ်။

#မျက်မှောက်ခေတ် #အင်တာနက်ဖြတ်တောက် #ကောလင်းခရိုင် #စစ်ကိုင်းတိုင်း #စစ်အာဏာရှင်ဆန့်ကျင်ရေး

error: Content is protected !!