စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ညောင်ဇီးကုန်းအုပ်စု၊ ကျီကုန်းကျေးရွာက နေအိမ်တချို့ကို စက်တင်ဘာလ ၂၃ ရက်နေ့ မနက် ၁၀ နာရီခန့်အချိန်က စစ်ကောင်စီအကြမ်းဖက်တပ်ကနေ ရွာထဲဝင်လာပြီး မီးရှို့နေတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။ လက်ရှိမှာ ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြတဲ့အတွက် အိမ်ဘယ်နှစ်လုံးမီးလောင်နေတယ်ဆိုတာနှင့် ဖမ်းဆီးခံရသူအရေအတွက် မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ရွာမှာတော့ လူမရှိကြတော့ဘူး။ အိမ်အနည်းဆုံး ၇ လုံးတော့ လောင်သွားပြီလို့ ကြားတယ်။ အဓိကတော့ NLDထောက်ခံသူအိမ်တွေပေါ့။ အဖမ်းခံရတယ်တော့ မကြားသေးဘူး။ အဓိကတော့ အဲဒီရွာက ရဲမေမိသားစု ဒလန်တွေကြောင့်ပဲ။ ဒီနေ့ရွာလာတာ အဲဒီရဲမေကိုယ်တိုင်ပါတယ်ပြောတယ်။ သူတို့အင်အား ၁၀၀ လောက်နဲ့လာပြီး အခုလို လုပ်တာ။”လို့ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။
မီးရှို့ခံရတဲ့ကျေးရွာက တန့်ဆည်မြို့နဲ့ ၇ မိုင်ဝန်းကျင်ဝေးကွာပြီး ရေဦးမြို့နယ်စပ်မှာရှိတယ်လို့ ဆိုပါတယ်။ မနေ့က ရဲမေမိသားစု ၅ ဦးအသတ်ခံရပြီး အိမ်မီးရှို့ခံရတဲ့ကိစ္စနဲ့ ဆက်စပ်တယ်လို့လည်း ဆိုပါတယ်။ အဆိုပါနေအိမ်မှာ သမီးက တန့်ဆည်ရဲစခန်းနှင့် သမီးကြီးရဲ့ ယောက်ျား သမက်ဖြစ်သူတို့က ကံထူးမရဲစခန်းမှာ တာဝန်ကျနေတယ်လို့ သိရပါတယ်။ ဒလန်မိသားစုသတင်းပေးတာကြောင့် အခုလို မီးရှို့ခံရတာလို့လည်း ဆိုပါတယ်။ ကျီကုန်းရွာက တောင်ရွာ၊ မြောက်ရွာရှိပြီး အခုမီးရှို့ခံရတာက တောင်ရွာမှာဖြစ်တယ်လို့ သိရပါတယ်။ နှစ်ရွာပေါင်းမှ အိမ်ခြေ ၁၀၀ ဝန်းကျင်သာရှိတဲ့ ရွာငယ်တခုလည်း ဖြစ်ပါတယ်။
တန့်ဆည်မြို့နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကလည်း ကာပေါင်းကျကျေးရွာကို စစ်ကောင်စီအကြမ်းဖက်တပ်က ဝင်ရောက်ပြီး အိမ်တွေမီးရှို့ခဲ့လို့ နေအိမ် ၅ လုံးထက်မနည်း မီးလောင်ဆုံးရှုံးခဲ့ပါသေးတယ်။ ဒါ့အပြင် အပြစ်မဲ့ အရပ်သား ၆ ယောက်လည်း အကြောင်းမဲ့ ပစ်သတ်ခံခဲ့ကြရပါသေးတယ်။
စစ်ကောင်စီအကြမ်းဖက်တပ်က တန့်ဆည်မြို့နယ်ကို နည်းလမ်းမျိုးစုံသုံးပြီး ဖိနှိပ်နေသလို တခြားဒေသတွေမှာလည်း နေ့စဉ်နဲ့အမျှ နေအိမ်မီးရှို့ခံနေရပြီး လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု စတဲ့ စစ်ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်နေကြပါတယ်။
#မျက်မှောက်ခေတ် #ကျေူရွာမီးရှို့ #ကျီကုန်း #တန့်ဆည်မြို့နယ် #စစ်အာဏာရှင်ဆန့်ကျင်ရေး