ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ် တိုက်နယ်ဆေးရုံက တာဝန်ခံ ဆရာဝန်တစ်ဦးအပါအဝင် ၃ ဦးထံကနေ ဇန်နဝါရီလ ၁၅ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် ဆေးရုံကို ခဏရပ်နားထားမှာဖြစ်ကာ ဆေးရုံတက်လူနာတွေကို ခေတ္တ ဆိုင်းငံ့ထားပါတယ်။
“ပထမဆုံးအမျိုးသားတစ်ယောက်က အမှတ် ၂ ရက်ကွက်နေတယ်။ ဘယ်မှ ခရီးသွားရာဇဝင်မရှိဘူး။ အိမ်မှာပဲနေတဲ့သူပါ။ ဖျားရာကနေ အနံ့ပျောက်တယ်ပြောတော့ RDTနဲ့စစ်တော့ ပိုးမတွေ့ဘူး။ အဲဒါနဲ့အိမ်မှာ Home Quarantine ထားလိုက်တယ်။ သူ့ရဲ့ကောင်းမလေးကိုလဲ Home Quarantine ထားလိုက်တယ်။ သူ့ကောင်မလေးက ဆေးရုံကသူနာပြုဆရာမ ဖြစ်နေတယ်။ အဲဒါနဲ့ ကျွန်တော်လဲစိတ်ချရအောင်ဆိုပြီး မနေ့က Swab နမူနာယူပြီး တီးတိန်ကိုပို့လိုက်တယ်။ ဒီနေ့ မနက်က Positive ထွက်တာ။”လို့ ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံ တာဝန်ခံ ဒေါက်တာစန်းမာက ပြောပါတယ်။
အဲဒီပိုးတွေ့လူနာ ၃ ဦးဟာ ကျန်းမာရေးကောင်းမွန်ပြီး ရိဒ်ခေါဒါရ်တိုက်နယ်ဆေးရုံမှာ ထားရှိ ဆေးကုသမှုပေးသွားမယ်လို့လည်း သိရပါတယ်။ အခုလက်ရှိ ရိဒ်ခေါဒါရ်တိုက်နယ်ဆေးရုံကို ခဏရပ်နားထားမှာဖြစ်ကာ ဆေးရုံကဝန်ထမ်းတွေကို စစ်ဆေးမှုတွေပြုလုပ်ဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
“ရိဒ်ခေါဒါရ်တိုက်နယ်ဆေးရုံက လုပ်ငန်းတွေ ခဏနားထားမယ်။ ဖလမ်းက ဆရာဝန်တစ်ယောက် ဦးဆောင်ပြီး ဝန်ထမ်းတွေကို လာရောက်ကြပ်မတ်သွားမယ်။”လို့လည်း တာဝန်ခံ ဆရာဝန်က ပြောပါတယ်။
ရိဒ်ခေါဒါရ်မြို့တွင် ကိုဗစ်အတည်ပြုလူနာ ၄ ဦးရှိပြီး အဲဒီထဲက ဆေးရုံကနေ ဆင်းခွင့်ရသူ ၁ ဦးရှိကာ အခုလက်ရှိ တိုက်နယ်ဆေးရုံးမှာ ၃ ဦး ဆေးကုသမှုခံယူနေပါတယ်။ ရိဒ်ခေါဒါရ်မြို့ကို လာရောက်ရင် ဇန်နဝါရီလ ၁၄ ရက်နေ့ကစပြီး သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျန်းမာရေး ထောက်ခံစာပါရှိမှသာ မြို့တွင်းကို ဝင်ခွင့်ပြုနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ရိဒ်ခေါဒါရ်မြို့အနီးပတ်ဝန်းကျင်ရှိ ကျေးလက်နေပြည်သူတွေအနေနဲ့လည်း မြို့ကိုလာရင် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှုးထောက်ခံချက်၊ ကျန်းမာရေးထောက်ခံချက်တွေပါမှ မြို့ထဲကို သွားလာခွင့်ပြုရန်၊ တီးတိန်မြို့မှာ ရောဂါပြန့်ပွားမှု တိုးလာနေတဲ့အတွက် တီးတိန်၊ တွန်းဇံ၊ ကလေးမြို့အပြင် တခြားတိုင်းနှင့် ပြည်နယ်က Stay at Home သတ်မှတ်နေရာကနေ လာရောက်သူတွေကိုလည်း သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ် ထောက်ခံချက်နဲ့ Test Kit စစ်ထားတဲ့ Negative အဖြေ ပါရှိမှသာ ဝင်ခွင့်ပြုမှာဖြစ်ကာ မပါရင် Facility Quarantine Center မှာ စောင့်ကြည့်ထားရှိမယ်လို့လည်း သိရပါတယ်။
ရိဒ်ခေါဒါရ်မြို့ကို အိန္ဒိယ-မြန်မာနယ်စပ်က တရားမဝင် ခိုးဝင်လာမှုမရှိစေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် ရပ်ကွက်လူငယ် Volunteer အဖွဲ့တွေ ပူးပေါင်းစစ်ဆေးတာ၊ အသိပညာပေးတာတွေလည်း ဆောင်ရွက်နေပါတယ်။
ပိုတေး