Home > သတင်း > စီးပွားရေး > ငါန်းဇွန်မြို့နယ်တွင် ဧရာဝတီမြစ်အတွင်း သောင်ထွန်းမှု‌ များပြားလာလို့ စိုက်ပျိုးရေ အခက်ခဲဖြစ်နေ

ငါန်းဇွန်မြို့နယ်တွင် ဧရာဝတီမြစ်အတွင်း သောင်ထွန်းမှု‌ များပြားလာလို့ စိုက်ပျိုးရေ အခက်ခဲဖြစ်နေ

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်မှာ ယခုနှစ်ကာလအတွင်း မိုးခေါင်တာ၊ ဧရာဝတီမြစ်ရိုးတလျှောက် သောင်ထွန်းတာတွေ များပြားလာတာကြောင့် စိုက်ပျိုးရေအခက်ခဲ ဖြစ်ပေါ်နေပါတယ်။ အရင်က စိုက်ပျိုးလယ်ယာမြေတွေဟာ ဆည်ရေသောက်လို့ရပေမယ့် မိုးခေါင်ပြီး ရေခမ်းခြောက်လာတာတွေကြောင့် ဆည်ရေမပေးနိုင်တော့တဲ့အတွက် မြစ်ရေတင်စီမံကိန်းကို အားကိုးအားထားပြုနေကြရတာပါ။

“မိုးခေါင်ရေခမ်းပြဿနာကြောင့် သီးနှံက ဆည်ရေလဲမသောက်ရဘူး။ အခု မြစ်ရေတင်ကို အားကိုးပြန်တော့လည်း မြစ်ကသောင်ထွန်းတာများနေလို့ ရေကမရဖြစ်တယ်။ လက်ရှိအနေထားက ကျနော်တို့နယ်က တချို့ရွာတွေဆိုရင် နွားစားဖို့ရာ ပြောင်းတောင်စိုက်မရဖြစ်နေတယ်။ ‌ရေခမ်းတာက ဘယ်လောက်ဆိုးသလဲဆိုရင် တချို့စိမ့်တွင်းတွေဆိုရင် အရင်က လက်ခုတ်တဖောင်လောက်ရှိရာကနေ အခုဆို ကုန်းတတိုင်တောင်မရှိတော့ဘူး။”လို့ ငါန်းဇွန်မြို့နယ်၊ နတ်ကြီး‌ကျေးရွာက တောင်သူ ဦးတင်မောင်ဝင်းက ပြောပါတယ်။

ဧရာဝတီမြစ်ရိုးတလျှောက် အခုလို သောင်ထွန်းမှုတွေများပြားလာတာဟာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကြောင့် ဖြစ်ပေါ်လာရတာဖြစ်ပြီး စိုက်ပျိုးရေပြဿနာကိုလဲ ဖြေရှင်းဖို့ရာ ဆောင်ရွက်နေတယ်လို့ ငါန်းဇွန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်က ပြောပါတယ်။

“အဓိက‌ ကတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ‌ကြောင့် ဖြစ်ပေါ်လာရတာ။ မြစ်ကြောင်းပြောင်းသွားတော့ သောင်ထွန်းတာတွေက တစစ ပိုများလာတယ်။ လက်ရှိ‌ စိုက်ပျိုးရေပြဿနာကို ဖြေရှင်းဖို့ရာ နည်းလမ်း နှစ်နည်းရှိတယ်။ တနည်းက ရေမြစ်ဖြိုးဌာနကို ဖိတ်ပြီးတော့ မြစ်ကြောင်းကို သောင်တူးစက်တွေနဲ့ တူးမယ်ဆိုတဲ့ နည်းလမ်းပေါ့။ မြစ်ကြောင်းကို ပြန်ပြီးတော့ ဖြောင့်ယူရမှာပေါ့နော်။ နောက်တနည်းက သဘာဝအတိုင်းဆိုရင်တော့ အင်းကိုပဲ အားကိုးရဖို့ရှိတယ်။ အခု ငါန်းမြာက မြစ်ရေတင်နဲ့ ရွာသစ်က မြစ်ရေတင်ကြားထဲမှာ ‌မြစ်ရေတင် ၁ ခု တိုးချဲ့ဖို့ရာကြည့်တော့ သောင်ထွန်းနေပြန်တယ်။ ဒါနဲ့ Google Map ကနေ ရှာကြည့်တော့ ရေသိုလှောင်လို့ရနိုင်မယ့် မိကျောင်းတက်အင်းနဲ့ တောင်အင်းဆိုတာ လာတွေ့တယ်။ အဲ့ဒီအင်းတွေထဲမှာ မြစ်ရေသိုလှောင်ပြီးတော့ ပင်မမြောင်းဘက်ကို ပို့ပေးရင် အဆင်ပြေမှာဖြစ်တဲ့အတွက် အင်းနဲ့ လယ်ယာမြေဧကကြားက မှီတင်းနေထိုင်သူတွေကို ညှိနှိုင်းဖို့ စီစဉ်နေပါတယ်။” လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်က ပြောပါတယ်။

စိုက်ပျိုးရေရရှိရေးအတွက် လက်ရှိ မြစ်ရေတင်စီမံကိန်းကို အခုလို တခြားနည်းလမ်းနဲ့ ပြုပြင်တိုးချဲ့ဖို့ရာ သက်ဆိုင်ရာဌာနတွေကို ဖိတ်ခေါ်ကာ ကွင်းဆင်းကြည့်ရှူနေပြီး အကောင်ထည်ဖော်ဖို့ရာ တိုင်းအစိုးဆီကို ဘတ်ဂျက်ငွေတောင်းခံသွားမယ်လို့ ဦးကျော်စိုးနိုင်က ဆက်ပြောပါတယ်။

ငါန်းဇွန်မြို့နယ်မှာရှိတဲ့ ဧရာဝတီမြစ်သောင်ထွန်းတဲ့အနေထားအရ မြစ်ကြောင်းဟာ တဘက်ကမ်းမှာရှိတဲ့ စစ်ကိုင်းတိုင်းနဲ့ ပိုမိုနီးကပ်သွားတယ်လို့ သိရပါတယ်။ အခုလို စိုက်ပျိုးရေမရရှိတာတွေကြောင့် ငါးဇွန်မြို့နယ်မှာရှိတဲ့ ကျေးရွာပေါင်း ၁၀၀ ကျော်က လယ်ယာမြေဧကပေါင်း ၃၀၀၀ နီးပါးဟာ သီးနှံ စိုက်ပျိုးဖို့အခက်ခဲတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ငါးဇွန်မြို့နယ်မှာ ကျေးရွာပေါင်း ၁၅၈ ရွာရှိပြီး ‌လယ်ယာမြေအများစုဟာ ဧရာဝတီမြစ်ရေကို အဓိက အားထားစိုက်ပျိုးကြရကြောင်း သိရပါတယ်။

ချင်းတွင်းဧရာ

error: Content is protected !!