Home > သတင်း > တရားဉပဒေစိုးမိုးရေး > မုံရွာတွင် အငြင်းပွားမြေ ခြံစည်းရိုးခတ်ရာက အဓိကရုန်းဖြစ်ပွားပြီး လူတစ်ဦးသေဆုံး

မုံရွာတွင် အငြင်းပွားမြေ ခြံစည်းရိုးခတ်ရာက အဓိကရုန်းဖြစ်ပွားပြီး လူတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ ဇလုပ်ဆွမ်းအုပ်အဝိုင်းအနီး၊ မြို့ပတ်လမ်းရှိ မြေကွက်ကို ပိုင်ရှင်ဆိုသူတွေက ခြံစည်းရိုးလာရောက်ခတ်တာကနေ ဒေသခံပြည်သူတွေနဲ့ မကျေမလည်ဖြစ်ပြီး ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့လည်ပိုင်းမှာ အဓိကရုန်းဖြစ်ပွားခဲ့ပါတယ်။ ရွှေဇလုပ်ရပ်ကွက် (အရင် ဇလုပ်ကျေးရွာ) က ဒေသခံပြည်သူတွေနှင့် ခြံစည်းရိုးလာခတ်တဲ့အဖွဲ့က လူ ၂၀ ဝန်းကျင်က တုတ်ဓားလေးခွစတဲ့ လူတွေသေစေနိုင်တဲ့ လက်နက်ကိရိယာတွေ အသုံးပြုကာ ခိုက်ရန်ဖြစ်ပွားခဲ့ကာ လူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေကို မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးကို လူမှုကူညီရေးအသင်းကားတွေနဲ့ ပို့ဆောင်ကုသပေးရာမှာ ဆေးရုံရောက်ပြီး မကြာခင်မှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

“တစ်ယောက်တော့ သေသွားတယ်ဆိုတာ ဟုတ်တယ်။ ဘယ်သူဆိုတာတော့ မသိရဘူး။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ခြံစည်းရိုးလာရောက်ခတ်တာက မုံရွာတက္ကသိုလ်က ဆရာမတစ်ဦး ဦးဆောင်တဲ့ အဖွဲ့က လာရောက်ခတ်တာလို့ သိရပါတယ်။ အဲဒီဆရာမဆီမှာတော့ မြေဂရမ်တွေလည်း ရှိနေတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“ဘယ်ဗိုလ်ချုပ်လက်ထက်က ပေးတယ်တော့ မသိဘူး။ ဒါပေမယ့် ၂၀၁၁ ခုနှစ်၊ ၅ လပိုင်းကတည်းက စာတော့ ဖတ်ခဲ့ရတယ်။ ကျွန်တော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားတယ်။ မြို့နယ်အုပ်ချုပ်ရေးမှုးကလည်း မြို့နယ်စည်ပင်ရဲ့ မြို့နယ်အမိန့်ကျရင်တော့ ခတ်လို့ရပြီလို့ပြောတယ်။ ခတ်ခွင့်အမိန့် ပါ မပါတော့မသိဘူး။ ရုန်းရင်းဆန်ခတ်ဖြစ်သွားတာကိုတော့ မြို့နယ်ရုံးကိုသွားနေချိန်ဖြစ်တဲ့အတွက် မသိလိုက်ဘူး။”လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က ပြောပါတယ်။

အငြင်းပွားမြေက ရွာရဲ့ ဘောလုံးကွင်း၊ အားကစားကွင်းအဖြစ် အသုံးပြုနေတာဖြစ်ပြီး ကွင်းဘေးတွင်လည်း လာရောက်နေထိုင်တဲ့ နေအိမ်တဲ ၅ လုံးရှိပါတယ်။ လက်ရှိအခင်းဖြစ်ပွားရာမှာတော့ အဆောက်အဦး၊ ဝင်းခြံနှင့် ပစ္စည်းအချိုု့ ပျက်စီးခဲ့ပါတယ်။

“ကျွန်မတို့ ဘိုးဘွားပိုင်ဝင်းမို့ ကျွန်မတို့က အခတ်မခံတာ။ သူတို့က စာချုပ်ဂရံကြီးပြပြီးတော့ လာပြီး ခြိမ်းခြောက်တာ။ ကျွန်မတို့ကလည်း မကြောက်ဘူး။ ကျွန်မတို့ကလည်း ကျွန်မတို့ဝင်းမို့ ဝင်းခြံခတ်တယ်။ သူတို့က ဖျက်ဆီးသွားတယ်။ လူတွေခေါ်လာပြီးတော့ အကုန်လုံး ဓားတွေနဲ့ချည်းပဲ။ ကျွန်မကိုတောင် ဓားနဲ့ခုတ်မလို့ လုပ်ခံရသေးတယ်။ ဒီခြံကို ပါမောက္ခ စောလုလုထွန်းက လာခတ်တာ။ သူကိုယ်တိုင် လူမိုက်တွေခေါ်လာတယ်။ သူ့ယောက်ျားက ဟေ့ကောင်တွေ လာလာဆိုပြီး လက်ခုပ်တီးခေါ်တဲ့အချိန်မှာ ဟေး ဆိုပြီး လာကြတာ။ ကျွန်မကတော့ မကျေနပ်ဘူး။”လို့ အငြင်းပွားမြေမှာနေထိုင်သူ မမာမာဝင်းက ပြောပါတယ်။

အဓိကရုန်းကြောင့်လမ်းမပေါ်မှာ လူရာချီ စုဝေးမှု ဖြစ်ပေါ်ခဲ့ပါတယ်။ အခင်းဖြစ်ပွားပြီး လူစုကွဲချိန်မှာတော့ ရဲတပ်ဖွဲ့က ရောက်ရှိလာကာ အခြေအနေကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ခရိုင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌတွေ လာရောက်ကာ အခြေအနေကို ကြည့်ရှုစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။ အငြင်းပွားမြေအနီးမှာ နေထိုင်သူတွေကတော့ ဆက်နေရမှာကိုလည်း ကြောက်ရွံ့နေပြီး ညရေးညတာအတွက်လည်း စိုးရိမ်မှုတွေ ရှိနေတကာ တချို့ကတော့ ရပ်ကွက်အတွင်းက ဆွေးမျိုးအိမ်တွေကို ပြောင်းရွှေ့တာတွေလည်း လုပ်ဆောင်နေကြပါတယ်။

By မျက်မှောက်ခေတ်

error: Content is protected !!