Home > သတင်း > တရားဉပဒေစိုးမိုးရေး > ဖလမ်းတွင် မီးလောင်ပြီး အမျိုးသမီး ၂ ဦး သေဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်တွင် ဇန်နဝါရီလ ၁၂ ရက်နေ့က မီးလောင်မှုကြောင့် လူနေအိမ် ၆ လုံး မီးလောင်ကျွမ်းခဲ့ပြီး အမျိုးသမီး ၂ ဦးသေဆုံးမှုဖြစ်ပေါ်ခဲ့ပါတယ်။ ဖါရ်ထောက်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနေ အသက် ၆၇ နှစ်အရွယ် ဒေါ်မန်းလှယ်ဇိန်းနေအိမ်မှာ လျှပ်စစ်အပူပေးကိရိယာ (Electric Heater) ကို အသုံးပြုရင်း အပူလွန်ကဲရာကနေ မီးစတင် လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

“မီးလောင်မှုဖြစ်တာက ဒီနေ့ မနက် ၄ နာရီ အချိန်က ဖြစ်ပွားတာပါ။ စတင်မီးလောင်တဲ့အိမ်မှာ အသက် ၆၇ နှစ်အရွယ် ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးနှင့် အသက် ၄၀ ကျော်အရွယ် မသန်စွမ်းအမျိးသမီးတို့ ရှိတယ်။ သူတို့က Heater ကိုသုံးတယ်ပြောတယ်။ ကျွန်တော်တို့ စုံစမ်းဖော်ထုတ်ချက်အရကတော့ Heater အသုံးပြုပြီး အပူလွန်ကဲရာကနေ စောင်တွေ၊ ကြမ်းတွေ မီးကူးစက်လောင်တာပါ။ အေးတဲ့အခါမှာ လျှပ်စစ်နဲ့ Heater ကိုအပူပေးပြီးတော့မှ မီးလှုံတာ။ တရုက်ကနေ ထုတ်တဲ့ဟာပါ။ ဒီမှာအေးတော့ Heater ကို တော်တော်များများသုံးကြတယ်။ သေဆုံးတဲ့နှစ်ယောက်ကလဲ စတင်မီးလောင်တဲ့အိမ်ကပါ။ ၂၀၂၁ ခုနှစ်မှာ ဖလမ်းမှာ မီးပထမဆုံးလောင်တာ။”လို့ ဖလမ်းခရိုင် မီးသတ်ဦးစီးမှူး ဦးစာရုံမန်းက ပြောပါတယ်။

မီးလောင်မှုကြောင့် လူနေအိမ်ခြေ ၆ လုံးမီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၈၅ သိန်းခန့်ရှိကာ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေကိုတော့ ဖလမ်းမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပါတယ်။

မီးလောင်မှုဖြစ်ပွားရာကို ဖလမ်းခရိုင် မီးသတ်ဦးစီးမှူး ဦးစာရုံမန်းဦးဆောင်တဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက မီးငြိမ်းသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၃ စီးနဲ့အတူ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေ၊ ဒေသခံပြည်သူတွေ ဝိုင်းဝန်းငြိမ်းသတ်ခဲ့တာပါ။ အဲဒီမီးလောင်ဖြစ်စဉ်နဲ့ပတ်သက်ပြီး မီးပေါ့ဆသုံးစွဲခဲ့တဲ့ မီးလောင်သေဆုံးသူ ဒေါ်မန်းလှယ်ဇိန်း (အသက် ၆၇ နှစ်) ကို ဖလမ်းမြို့မရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း ချင်းပြည်နယ်၊ ဟားခါးမြို့မှာ လျှပ်စစ်အပူပေးကိရိယာ အပူလွန်ကဲရာကတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ် ၃ လုံး မီးလောင်ဆုံးရှုံးကာ အမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့ပါသေးတယ်။

ပိုတေး

error: Content is protected !!