စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ မင်းတောကျေးရွာတွင် ဇန်နဝါရီလ ၁၁ ရက်နေ့ မနက်အစောပိုင်းက ညီအစ်ကိုနှစ်ဦးကနေ ညီမဝမ်းကွဲတော်စပ်သူ အသက် ၃ နှစ်အရွယ် ကလေးငယ်ကို မုဒိမ်းကျင့် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။ မုဒိမ်းကျင့် လူသတ်မှုကျူးလွန်သူတွေက ဝင်းမိုး (၂၀ နှစ်) နှင့် ဝင်းဖြိုး (၂၂ နှစ်) တို့ဖြစ်ပြီး ရွာထဲမှာမနေဘဲ ရွာပြင်ကျောက်ခွဲစက်မှာ အလုပ်လုပ် နေထိုင်သူတွေ ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူတွေက ဖခင်ဖြစ်သူနဲ့အတူ ကျောက်ခွဲစက်ကနေ ပြန်လာကာ အရက်အတူသောက်ကြပြီး အဖိုးဖြစ်သူ အိမ်မှာ စကားများရန်ဖြစ်ခဲ့ကြပါတယ်။ ရန်ဖြစ်တဲ့အတွက် အဖိုး၊ အဖွားနဲ့ အတူလာအိပ်နေသူ အသက် ၃ နှစ်အရွယ် ကလေးငယ်ကို အဖိုးဖြစ်သူက ပြစ်မှုကျူးလွန်သူ ဝင်းမိုးကို သူ့အမေအိမ် သွားပို့ပေးဖို့ ကလေးနဲ့အတူ စေလွှတ်ခဲ့ရာကနေ တခြားနေအိမ်တစ်လုံးကို ခေါ်ဆောင်ကာ ညီအစ်ကိုနှစ်ယောက်ပေါင်းပြီး ပြစ်မှုကျူးလွန်ခဲ့တာဖြစ်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
“ပြစ်မှုကျူးလွန်သူတွေက ညအစောပိုင်းကတည်းက မူးပြီး ရန်ဖြစ်နေကြတာ။ သူတို့က အစကတည်းက အဲလိုကြံစည်နေတာ ၃ ကြိမ်ရှိပြီ။ ရှေ့က နှစ်ကြိမ်က မအောင်မြင်ဘူး။ ဒီကလေးကိုတော့မဟုတ်ဘူး။ တခြားမိန်းကလေးတွေကို။ အခုလိုဖြစ်သွားတဲ့အပေါ်မှာတော့ ဥပဒေအတိုင်း ပြင်းပြင်းထန်ထန် အရေးယူစေချင်တယ်။”လို့ မင်းတောကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးက ပြောပါတယ်။
ပြစ်မှုကျူးလွန်ခံရသူ ကလေးငယ်ရဲ့ ဖခင်က အဝေးတနေရာကို အလုပ်သွားလုပ်နေသလို မိခင်ဖြစ်သူမှာလည်း ကလေးမီးဖွားနေတဲ့အတွက် အဖိုးအဖွားတွေနဲ့ သွားရောက်အိပ်စေတာဖြစ်တယ်လို့လည်း သိရပါတယ်။ ပြစ်မှုကျူးလွန်ပြီး ကလေးပျောက်နေတာကိုသိတဲ့အတွက် လိုက်ရှာကြချိန်မှာ မတွေ့ရဘဲ မနက်လင်းခါနီးအချိန်မှ ကလေးငယ်ရဲ့ အလောင်းကို အိမ်ဝင်းပေါက်ရှေ့နားမှာ လာရောက်ချထားခဲ့တာကို တွေ့ရှိခဲ့ကြရတာပါ။ ပြစ်မှုကျူးလွန်သူတွေကတော့ ခေတ္တပုန်းရှောင်နေခဲ့ပြီး မနက်လင်းပိုင်းအချိန်မှ ဖမ်းမိခဲ့တာဖြစ်ပါတယ်။
“လောလောဆယ်တော့ ပြစ်မှုးကျူးလွန်သူ နှစ်ယောက်စလုံးကို ဖမ်းထားပြီးပါပြီ။ သူတို့ကိုယ်တိုင်လည်း ဝန်ခံထားပါတယ်။”လို့ ဆားလင်းကြီးမြို့မရဲစခန်းမှ ဒုရဲအုပ် အောင်သက်ပိုင်မှုးက ပြောပါတယ်။
ကလေးငယ်ရဲ့ အလောင်းကို ဆေးစစ်ချက်တွေအရ ကလေးငယ်ရဲ့ နဖူးပွန်းပဲ့ဒဏ်ရာ၊ ညာမျက်ခုံးဖူးရောင်ညိုမဲဒဏ်ရာ၊ နှာခေါင်းသွေးထက်ဒဏ်ရာနှင့် မိန်းမကိုယ် သွေးထွက်ဒဏ်ရာတွေ ရရှိပြီး သေဆုံးခဲ့တာပါ။ လက်ရှိမှာတော့ ပြစ်မှုကျူးလွန်သူ ဝင်းမိုး (၂၀ နှစ်) နှင့် ဝင်းဖြိုး (၂၂ နှစ်) တို့ကို ဆားလင်းကြီး မြို့မရဲစခန်းမှာ ဖမ်းဆီးထားပြီး (ပ)၇/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၃၀၂၊ ၁၁၄ တို့နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
လွင်မင်း (မျက်မှောက်ခေတ်)