Home > သတင်း > ကျန်းမာရေး > အိန္ဒိယနယ်စပ်ဂိတ်ပိတ်ထားလို့ ဒေသထွက်မျောက်ငိုသီးဈေးကွက် အရောင်းအဝယ် ကျဆင်း

အိန္ဒိယနယ်စပ်ဂိတ်ပိတ်ထားလို့ ဒေသထွက်မျောက်ငိုသီးဈေးကွက် အရောင်းအဝယ် ကျဆင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ အိန္ဒိယ-မြန်မာနယ်စပ်၊ တမူးမြို့မှာ မျောက်ငိုသီးစျေးကွက် တစ်တောင့်ကို ၁၅၀ ကျပ်နှုန်း လက်လီဈေးကွက်သာ အရောင်းအဝယ်ဖြစ်နေတယ်လို့ တမူးမြို့က မျောက်ငိုသီးရောင်းဝယ်ရေး လုပ်ကိုင်သူတွေရဲ့ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ကိုဗစ်ကြောင့် အိန္ဒိယ-မြန်မာနယ်စပ်တမူးမြို့ နယ်စပ်ဂိတ်တွေ ပိတ်ထားတဲ့အတွက် မျောက်ငိုသီးဈေးကွက် အရှုံးနှင့်ရင်ဆိုင်ကြုံတွေ့ခဲ့ရတာပါ။

“စျေးကွက်ကတော့ နယ်စပ်စျေးပိတ်ထားတဲ့အတွက်ကြောင့် ကြိုက်ရောင်းကြိုက်ဝယ် သဘောမျိုးဖြစ်နေတယ်။ နယ်စပ်ဂိတ်ပိတ်ထားတဲ့အတွက် အရောင်းဝယ်မဖြစ်ဘူး။ ကျွန်တော်တို့မြို့နယ်တွေအနေနဲ့ ဒီဟာကို ကုန်သွယ်ရေးစခန်း ဒါမှမဟုတ် နန်းဖာလုံစျေးကို ဖွင့်စေချင်ပေမယ့်လဲ ကျန်းမာရေးအရ ပိတ်ထားရတာဆိုတော့ ဘာမှမတတ်နိုင်ဘူး။ ကုန်စိမ်းသည်တွေအတွက် အခက်ခဲဖြစ်တယ်။ မျောက်ငိုသီးဆိုတာကလဲ ကုန်စိမ်းဆိုတော့ အခက်ခဲတော့ဖြစ်တယ်။ ပြီးခဲ့တဲ့နှစ်ကလဲ မျောက်ငိုသီးသယ်တွေ တအားရှုံးကြတယ်ပေါ့။ ဒီနှစ်ဆိုရင်လဲ အပင်တွေလဲဝယ်ထားတာ မရှိသလောက်ပဲပေါ့။ အပင်ပြတ်တွေဝယ်ရတာဆိုတော့။ ခြံပြတ်ဝယ်ယူသူတွေမရှိတဲ့အတွက် ဒီမျောက်ငိုသီးစိုက်ထားတဲ့ ခြံပိုင်ရှင်တွေအနေနဲ့လဲ ဒီနှစ်အရောင်းဝယ်မရှိဘူးပေါ့။ အရောင်းဝယ်အဆင်ပြေဖို့ကတော့ ကိုဗစ်ကြီးအဆင်ပြေမှပေါ့။ ရောဂါကြီးမြန်မြန်ပျောက်ကင်းပြီး နန်းဖာလုံစျေးကြီး ပြန်ဖွင့်ပီးတော့ အရောင်းအဝယ်အဆင်ပြေချင်တယ်ဆိုတဲ့အကြောင်း ဒါပါပဲ။ မျောက်ငိုသီးက တမူးမှာပဲ လက်လီစျေးကွက်မှာ တစ်တောင့် ငွေကျပ် ၁၅၀ နှုန်းနဲ့ရောင်းချနေရတာ။”လို့ တမူးမြို့တွင် မျောက်ငိုသီးရောင်းဝယ်ရေးလုပ်ကိုင်သူ ကိုအောင်မျိုးဦးက ပြောပါတယ်။

အရင်နှစ်တွေက မျောက်ငိုသီးစျေးကွက်မှာ တစ်တောင့်ကို ငွေကျပ် ၂၀၀ နှုန်းပေါက်စျေးရှိပေမယ့် အခုနှစ်မှာတော့ ငွေကျပ် ၁၅၀ နှုန်းသာ စျေးရနေခြင်းဖြစ်ပါတယ်။ မျောက်ငိုသီးကို ဗမာလူမျိုးတွေ အကြိုက်နည်းပြီး တစ်ဖက်နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံက ကသည်းလူမျိုးတွေ အများဆုံးဝယ်ယူစားသုံးကြတာဖြစ်ပါတယ်။

“မျောက်ငိုသီးက အသီးအနေအထားအပေါ်မူတည်ပြီး အသီးလှတာ မလှတာနဲ့ သီးတာများတာ မများတာအပေါ်မူတည်ပြီး မျောက်ငိုသီးတစ်ပင်ကို ငွေကျပ် ၅ သောင်းကနေ ၂ သိန်းအထိ ပေါက်စျေးနှုန်းရှိတယ်။”လို့ လည်း မျောက်ငိုသီးရောင်းဝယ်သူတွေက ပြောပါတယ်။

မျောက်ငိုသီးတွေက နှစ်စဉ် ဇန်နဝါရီလကစပြီး မတ်လအထိ ထွက်ရှိပါတယ်။ မျောက်ငိုသီးကို စစ်ကိုင်းတိုင်းအတွင်း တမူးဒေသအပြင် ကလေး၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်းမြို့နယ်တွေနှင့် ချင်းပြည်နယ်တို့မှာ အိမ်တွင်းခြံစည်းရိုးကနေ စီးပွားဖြစ် စိုက်ပျိုးကြပြီး ကားတွေ၊ ဆိုင်ကယ်တွေနဲ့ သယ်ယူကာ တမူးမြို့ နန်းဖာလုံစျေးထဲမှာ နှစ်စဉ်လာရောက်ရောင်းဝယ်မှုလုပ်ကြတာပါ။ တမူးမြို့နယ်မှာ မျောက်ငိုသီးတွေကို တစ်နှစ်ထက်တစ်နှစ် စိုက်ခင်းတွေနဲ့ တပိုင်တနိုင်ကနေ စီးပွားဖြစ် အထိ ပိုမိုစိုက်ပျိုးလာကြပေမယ့် အခုအချိန်အောင်မြင်ဖြစ်ထွန်းမှု မရှိဘူးလို့လည်း ဒေသခံ မျောက်ငိုသီးရောင်းဝယ်သူတွေက ပြောပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်ဖြစ်တဲ့ တမူးက နယ်စပ်ဂိတ်တွေကိုတော့ ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားစဉ်ကတည်းက အိန္ဒိယဖက်က စတင်ပိတ်ထားခဲ့တာဖြစ်ပြီး နယ်စပ်အရောင်းအဝယ်တွေအားလုံး ရပ်ဆိုင်းထားရတာလည်းဖြစ်ပါတယ်။ နယ်စပ်ဂိတ်တွေပြန်လည်ဖွင့်လှစ် ရောင်းချနိုင်ရေးအတွက် ညှိနှိုင်းနေတာတွေတော့ ရှိတယ်လို့လည်း သိရပါတယ်။

ပိုတေး

error: Content is protected !!