Home > သတင်း > ကျန်းမာရေး > ထီးဆောင်း မျက်စိဆေးရုံ ဇန်နဝါရီလ ၁၀ ရက်နေ့ ဖွင့်မည်

ထီးဆောင်း မျက်စိဆေးရုံ ဇန်နဝါရီလ ၁၀ ရက်နေ့ ဖွင့်မည်

အနယ်နယ်အရပ်ရပ်က မျက်စိဝေဒနာရှင်တွေကို အခမဲ့ကုသပေးနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာရှိ ရွှေရတု တိပိဋက‌ စက္ခုပါလ ဆေးရုံတော်ကြီးကို ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး အရေးကြီးလူနာတွေကို အဓိကထား ကုသပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းမှာ ကိုဗစ်ရောဂါပိုး ပိုမိုပြန့်နှံ့လာတဲ့အခြေနေတွေကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လက စတင်ကာ ၄ လကျော်အကြာ ဆေးရုံကို ယာယီပိတ်ထားခဲ့ရတာဖြစ်ပြီး ယခု ပြန်လည်ဖွင့်လှစ်တဲ့အခါမှတော့ အနယ်နယ်အရပ်ရပ်ကနေ ကုသဖို့ ဆက်သွယ် စာရင်းပေးလာသူတွေအနေနဲ့ သက်ဆိုင်ရာဒေသအသီးသီးကနေ ကျန်းမာရေးထောက်ခံစာ ပါရှိမှသာ လက်ခံကုသပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

“ဆေးရုံကို ပြန်လည်ဖွင့်လှစ်ရာမှာ အရေးကြီးလူနာတွေကိုပဲ အဓိကထား ကုသပေးနိုင်မှာ ဖြစ်ပါတယ်။ ကိုဗစ်နဲ့ဆိုတော့ ဝေဒနာရှင်တိုင်းကို လက်ခံလို့ရမှာမဟုတ်ဘူး။ ကုသဖို့ ဆက်သွယ် စာရင်းပေးလာသူတွေအနေနဲ့ မှတ်ပုံတင်၊ မြို့နယ်၊ ကျေးရွာစတဲ့ သက်ဆိုင်တဲ့ဌာနတွေဆီကနေ ကျန်းမာရေးထောက်ခံစာ ပါရှိရမှာ ဖြစ်ပါတယ်။ လူနာတွေအတွက်လဲ ကိုဗစ်စည်းကမ်းနဲ့အညီ အခန်းတွေကို စီစဉ်ပေးထားတယ်။ ဆေးရုံမှာရှိတဲ့ ဝန်ထမ်းတွေကိုလဲ ဆေးရုံအတွင်းမှာပဲ နေထိုင်ရမှာဖြစ်ပြီးတော့ ဆေးရုံပြင်ပနဲ့ ထိတွေ့ခွင့် ပိတ်ပင်ထားမှာ ဖြစ်ပါတယ်။ ဒါကလဲ အားလုံးဘေးကင်းအောင် စီမံရတာပါ။” လို့ ရွှေရတု တိပိဋက စက္ခုပါလ ဆေးရုံတော်ကြီး ဥက္ကဌ ဦးကျော်မြင့်က ပြောပါတယ်။

ကုသဖို့ ဆက်သွယ်စာရင်းပေးလာတဲ့ အရေးကြီးလူနာတွေကို ‌မြို့နယ်အသီးသီးမှာရှိနေကြတဲ့ ဆေးရုံအကျိုးတော်ဆောင်အဖွဲ့ဝင်တွေကနေ ကားနဲ့ အသွားအပြန် ပို့ဆောင်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းမှာ ကိုဗစ်ရောဂါမဖြစ်ပွားခင်အချိန်က ဆေးရုံကိုလာရောက်ကုသသူဦးရေ နေ့စဉ် ၇၀၀ နဲ့ ၁၀၀၀ ကြားမှာရှိပေမယ့် အခုလို ပြန်လည်ဖွင့်လှစ်မယ့်အခါမှာတော့ တစ်ရက်ကို လူနာဦးရေ ၁၅၀ လောက်ပဲ ကြည့်ရှုကုသပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

“မျက်စိက တိမ်ကျထားတော့ ခွဲရမှာ။ အပြင်မှာခွဲရင်တော့ ပိုက်ဆံအများကြီးကုန်မယ်။ ထီးဆောင်းမှာ ခွဲရင်တော့ သိပ်မကုန်ဘူးပေါ့။ ခက်တာက ကျန်းမာရေးထောက်ခံစာပါမှဆိုလို့ အဲ့ဒါယူဖို့ရာ စစ်ရဆေးရအုံးမှာဆိုတော့ စဉ်းစားနေရတယ်။ ဒါပေမယ့် မဖြစ်မနေခွဲမှ ရတော့မယ့် အနေထားရောက်လာရင်တော့ လုပ်ရတော့မှာပေါ့။” လို့ မုံရွာမြို့၊ ကံသာဦးရပ်ကွက်မှာနေထိုင်သူ ဒေါ်သီတာအေးက ပြောပါတယ်။

ရွှေရတုတိပိဋကစက္ခုပါလဆေးရုံတော်ကြီးကို မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာအနီးရှိ မုံရွာ-မန္တလေးကားလမ်းဘေးမှာ လွန်ခဲ့ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလက ရွှေရတု တိပိဋကဓရ ဆရာတော် အရှင်ဘဒ္ဒန္တဝံသပါလာ အလင်္ကာရ က ဦးဆောင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ထီးဆောင်းဆေးရုံကို စစ်ကိုင်းတိုင်းအတွင်းတင်မက တခြားတိုင်းနှင့် ပြည်နယ်တွေက မျက်စိဝေဒနာရှင်တွေပါ လာရောက်ကုသကြတာဖြစ်ပြီး လူနာတွေကိုတော့ နိုင်ငံခြားက ဆရာဝန်ကြီးတွေအပါအဝင် ပြည်တွင်းက သမားတော်ကြီးတွေ၊ အထူးကုဆရာဝန်ကြီးတွေက လစဉ်ကုသပေးနေတာဖြစ်ပါတယ်။

ချင်းတွင်းဧရာ

error: Content is protected !!