စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်းဒေသ၊ ခန္တီးမြို့တွင် ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက်ပိုင်းက တပ်မတော် ထောက်ခံပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီထောက်ခံပွဲကို တပ်မတော်ချစ်တဲ့ ပြည်သူတွေအဖွဲ့ကနေ ဦးဆောင်ပြုလုပ်ခဲ့တာပါ။
“အခုက ကျွန်မတို့ထောက်ခံပွဲ ပြုလုပ်တာက တပ်မတော်က ပြည်သူတွေကို အကာကွယ်ပေးနေတယ်။ ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို အကာကွယ်ပေးတယ်။ ဒါကြောင့် ထောက်ခံပွဲပြုလုပ်ရတာဖြစ်တယ်။”လို့ တပ်မတော်ထောက်ခံပွဲ ဦးဆောင်သူ ဒေါ်မာမာခိုင်က ပြောပါတယ်။
ဒီထောက်ခံပွဲကို ကိုဗစ်စည်းကမ်းနဲ့အညီ ပြုလုပ်တာဖြစ်ပြီး ငြိမ်းစုစီတင်ကာ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။ ထောက်ခံပွဲ စီတန်းလှည့်လည်ရာမှာ ခန္တီးမြို့ ဗိုလ်ချုပ်ကြေးရုပ်ကနေ ဈေးလမ်း၊ ကမ်းနားလမ်း၊ လေယာဉ်ကွင်းနဲ့ နယ်မြေခံတပ်တွေတည်ရှိရာဖက်တွေကို ချီတက်လမ်းလျှောက်ခဲ့ကြတာဖြစ်ပါတယ်။
“တပ်မတော်ကို ပြည်သူလူထုတွေက အမြင်လွဲမှားတာတွေရှိတယ်။ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေက တပ်မတော်ကို သမိုင်းဆိုးတွေနဲ့ အမြင်မှားတာတွေကို ပြန်ပြီး ပြေလည်သွားစေချင်လို့ ကျွန်မတို့ အမျိုးသားရေးသမားတွေ တပ်မတော်ကို သိစေချင်တယ်။ ဒါကြောင့် တပ်မတော်အနေနဲ့ အားမငယ်ပါနဲ့လို့ ပြောချင်ပါတယ်။”လို့ ဦးဆောင်သူ ဒေါ်မာမာခိုင်က ဆက်ပြောပါတယ်။
ခန္တီးမြို့က တပ်မတော်ထောက်ခံပွဲကို လူအင်အား ၃၀ ခန့် ပါဝင်ခဲ့တာဖြစ်ပြီး ချီတက်ရာလမ်းတစ်လျှောက် ဒို့တာဝန်အရေးသုံးပါး၊ အမျိုးသားအကျိုးစီးပွားကို ဦးတည်သောတပ်မတော်အား ဝန်းရံကြ၊ ပြည်ပအားကိုးပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ၊ ပြည်သူနှင့် တပ်မတော်သွေးခွဲသူ ဒို့ရန်သူ၊ မြန်မာ့တပ်မတော် အဓွန့်ရှည်ပါစေ စသဖြင့် ကြွေးကြော်သံတွေကိုလည်း ကြွေးကြော်ခဲ့ကြပါတယ်။
ခန္တီးမာန် (မျက်မှောက်ခေတ်)