Home > သတင်း > ကျန်းမာရေး > ဗန်းမောက်ရဲစခန်းမှ ကသာအကျဉ်းထောင်သို့ ပို့ဆောင်သည့် အချုပ်သားတစ်ဦး ကိုဗစ်ပိုးတွေ့

ဗန်းမောက်ရဲစခန်းမှ ကသာအကျဉ်းထောင်သို့ ပို့ဆောင်သည့် အချုပ်သားတစ်ဦး ကိုဗစ်ပိုးတွေ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့မရဲစခန်းကနေ ကသာအကျဉ်းထောင်ကို ပို့ဆောင်တဲ့ အချုပ်သားတစ်ဦးထံကနေ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ ကသာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဒေဝက ပြောပါတယ်။ ဒီဇင်ဘာလ ၂၇ ရက်နေ့က ဗန်းမောက်မြို့မရဲစခန်းအချုပ်ခန်းကနေ ထောင်ကျတရားခံ ၂၈ ဦးကို ကသာအကျဉ်းထောင်ကို အချုပ်ကားနဲ့ ပို့ဆောင်ခဲ့ပြီး ကသာအကျဉ်းထောင်က ကျန်းမာရေးတာဝန်ရှိသူတွေက Test kit နဲ့ စစ်ဆေးခဲ့ရာမှာ အချုပ်သားတစ်ဦးထံကနေ ပိုးတွေ့ခဲ့တာပါ။ ပိုးတွေ့အချုပ်သားက ကောလင်းမြို့နယ် ဝက်သဲကုန်းကျေးရွာနေ အသက်၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။

“ဗန်းမောက်ကနေ ကသာအကျဉ်းထောင်ကိုပို့တဲ့တရားခံပါ။ ကသာအကျဉ်းထောင်ကို အားလုံးပေါင်း ၂၈ ယောက်ပို့တာ။ ထောင်မဝင်ခင်မှာ မနေ့က မနက်ပိုင်းက RDT test Kitနဲ့ စစ်တာ တစ်ယောက်က Positive ထွက်တယ်။ ၂၇ ယောက်က Negative ထွက်တာ။ ပိုးတွေ့သူက ကျန်းမာရေးကတော့ ကောင်းပါတယ်။”လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဒေဝက ပြောပါတယ်။

ကိုဗစ်ပိုးတွေ့လူနာတစ်ဦးကိုတော့ ကသာမြို့ပြည်သူ့ဆေးရုံမှာ သီးသန့်ထားရှိပြီး ကျန်၂၇ ဦးကိုတော့ ကသာအကျဉ်းထောင်မှာလက်မခံဘဲ ဗန်းမောက်မြို့ကို ပြန်လွှတ်လိုက်တယ်လို့လည်း သိရပါတယ်။

ဗန်းမောက်မြို့မရဲစခန်းအတွင်း ကျန်ရှိနေတဲ့အချုပ်တရားခံ ကျား ၆၄ ဦး၊ မ ၈ ဦး စုစုပေါင်း ၇၂ ဦးတို့ကို မြို့နယ်ဆရာဝန်ကြီးဦးဆောင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေက ကိုဗစ် ၁၉ ရောဂါပိုးရှိမရှိ Test kit နဲ့ စစ်ဆေးဆောင်ရွက်လျှက်ရှိပြီး အချုပ်ခန်းပတ်ဝန်းကျင်ကို ပိုးသတ်ဆေးဖျန်းတာတွေ ဆောင်ရွက်နေပါတယ်။

ဗန်းမောက်မြို့မရဲစခန်းဝင်းကို Lock down ချမှတ်ရန် စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ ကသာအကျဉ်းထောင်သို့ ပို့ဆောင်စဉ် လိုက်ပါဆောင်ရွက်ခဲ့သူ ရဲတပ်ဖွဲ့ဝင် ၅ ယောက်ကို ဗန်းမောက်မြို့မရဲစခန်း ရဲရိပ်သာမှာ Quarantine ၁၄ ရက်ထားရှိမှာဖြစ်ပြီး ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံရမှု ရှိမရှိ Test kitနဲ့ စစ်ဆေးသွားမယ်လို့လည်း သိရပါတယ်။

ပိုတေး

error: Content is protected !!