Home > သတင်း > ကျန်းမာရေး > ကိုဗစ်ကန့်သတ်ချက်တွေကြောင့် ခန္တီးမြို့နယ်အတွင်း ခရီးသွားမှု အခက်အခဲတွေ ကြုံတွေ့နေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီးမြို့ကို တခြားမြို့နယ်တွေကနေ လာရောက်သူတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ခရီးသွားပြည်သူတွေထံက သိရပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် သွားလာရာမှာ အခက်အခဲတွေ ဖြစ်နေတာပါ။

“အခုကျွန်တော်တို့က ခန္တီးမြို့နယ် နန်စီပွန်ဒေသကို ဒီဇင်ဘာလ ၂၅ ရက်နေ့က လာရောက်ခဲ့တာ။ ကျွန်တော်တို့လာတာက နန်းစီပွန်ကို အလုပ်လုပ်ဖို့လာခဲ့တာပါ။ နန်းစီပွန်ဒေသမှာနေထိုင်တာလဲ ၇ နှစ်ရှိပြီ။ အခုက ဟုမ္မလင်းမြို့နယ်၊ ကောယားရွာကလာတာ။ စစ်တိုင်းအတွင်းလာခဲ့တာပါ။ တိုင်းပြင်ကနေလာတာလဲမဟုတ်ပါဘူး။ မနေ့က ခန္တီးကို ညနေ ၅ နာရီလောက်မှာ ရောက်ခဲ့တယ်။ ခန္တီးမြို့ဝင်စစ်ဆေးဂိတ်မှာ စစ်ဆေးခံတယ်။ ကျေးရွာက ထောက်ခံချက်တွေပါတယ်။ အဲဒါကို စစ်ဆေးအဖွဲ့တွေက ခန္တီးမြို့နယ်အုပ်ချုပ်ရေးမှုးကို ဖုန်းဆက်မေးတယ်။ မြို့နယ်အုပ်ချုပ်ရေးမှုးက နန်းစီပွန်အုပ်ချုပ်ရေးမှုးခွင့်ပြုရင် ဝင်ခွင့်ပေးလို့ပြောတယ်။ ဟိုဘက်ပြောလိုက် ဒီဘက်ပြောလိုက်နဲ့။ အဲဒါနဲ့ မနေ့ကညထိ ဝင်ခွင့်မပေးဘဲ စစ်ဆေးဂိတ်မှာ ညအိပ်လိုက်ရတယ်။”လို့ ဒေသတွင်းခရီးသွားဖြစ်သူ ကိုငြိမ်းချမ်းဦးက ပြောပါတယ်။

ဒေသတွင်းခရီးသွားလာသူတွေကို ကိုဗစ်အကြောင်းပြချက်နဲ့ အခုလို တင်းကြပ်ကန့်သတ်ချက်တွေက ဒေသအတွက် လုံးဝအဆင်မပြေနိုင်ဘူးလို့ဆိုပါတယ်။ ဒါ့အပြင် ခန္တီးဒေသက Stay at Home အဖြစ် သတ်မှတ်ထားတဲ့ဒေသလည်း မဟုတ်တဲ့အတွက် ကန့်သတ်ချက်တွေကိုတော့ အရမ်းတင်ကြပ်တာမျိုးမလုပ်ဘဲ ထိုက်သင့်တဲ့ ကာကွယ်ရေး၊ စစ်ဆေးရေးတွေကိုပဲ လုပ်ဆောင်ဖို့ လိုလားနေကြတာပါ။

“အခုကျွန်တော် ခန္တီးကိုလာတယ်။  ကိုဗစ်ဥပဒေထုတ်ပြန်ချက်နဲ့အညီ ခန္တီးလာတယ်။ အခုလာတဲ့သူတွေကလဲ ခန္တီးခရိုင်အတွင်းကလူတွေဖြစ်တယ်။ ခန္တီးမြို့ ကိုဗစ်ကော်မတီက လုပ်ဆောင်ချက်တွေက ပြည်သူတွေကကို အခက်အခဲဖြစ်စေတယ်။ တိုင်းအတွင်း ဥပဒေကတစ်မျိုး။ မြို့နယ်တွေက တိုင်းဥပဒေတွေကျော်ပြီး လုပ်နေတာတွေ့ရတယ်။ ကျွန်တော်ဆိုဒီနေ့မေးတယ်။ ခန္တီးမြို့ကိုမလာရဘူးလား။ ထုတ်ပြန်ထားရှိလားလို့မေးတော့ မရှိပါဘူးလို့ပြောတယ်။ မရှိဘူးဆိုရင် ဒီလို လူ ၉ ယောက်ကို ဘာအတွက်ကြောင့် ဝင်ခွင့်မပေးတာလဲမေးတော့ ပြတ်သားမှုမရှိဘူး။ ဟိုလူကိုလွှဲချ၊ ဒီလှုကိုလွှဲချနဲ့။ ခရီးသွားလာတဲ့သူတွေ အဆင်မပြေမှုတွေဖြစ်နေတယ်။”လို့ ခန္တီးမြို့နယ် တိုင်းလိုင် ရှမ်းနီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးဘိုဘိုအောင်ကပြောပါတယ်။

စစ်ကိုင်းတိုင်းအစိုးရကနေ တိုင်းအတွင်း ခရီးသွားလာခွင့် ပိတ်ပင်တားဆီးထားဖို့ ညွှန်ကြားချက်အမိန့် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ တိုင်းအစိုးရထုတ်ပြန်ချက်မှာ တိုင်းအတွင်းခရီးသွားလာရာတွင် ခရီးသွားထောက်ခံချက်ပါရှိရမှာဖြစ်ကာ ကျန်းမာရေးစစ်ဆေးတာကိုလက်ခံရမယ်လို့ ဆိုပါတယ်။ Stay at home သတ်မှတ်ထားတဲ့ မြို့နယ်က လာသူတွေသာ ကွာရင်တင်းစင်တာတွေမှာ သတ်မှတ်ချက်တွေအတိုင်း ဝင်ရောက်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။ ခရီးသည်တင်နှင့် ကုန်တင်ယာဉ်တွေကိုလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ ပြေးဆွဲခွင့် ပြုတယ်လို့ ထုတ်ပြန်ထားပါတယ်။

အစိုးရအဖွဲ့ရဲ့ ကိုဗစ်နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၂၆ ရက်နေ့ထိ ခန္တီးမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၃ ဦးတွေ့ရှိခဲ့ပြီး ၃ ဦးလုံး ဆေးရုံက ဆင်းခွင့်ရပြီးဖြစ်ပါတယ်။

ခန္တီးမာန်

error: Content is protected !!