Home > သတင်း > တရားဉပဒေစိုးမိုးရေး > တာဝန်ပေါ့လျော့မှုများတဲ့ စစ်ကိုင်းတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးကို အရေးယူပေးရန် တိုင်းအစိုးရက ပြည်ထောင်စုဝန်ကြီးဌာနကို တင်ပြထား

တာဝန်ပေါ့လျော့မှုများတဲ့ စစ်ကိုင်းတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးကို အရေးယူပေးရန် တိုင်းအစိုးရက ပြည်ထောင်စုဝန်ကြီးဌာနကို တင်ပြထား

စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာဝင်းလွင်ကို ညှိနှိုင်းပေါင်းစပ်မှုအားနည်းတာ၊ တာဝန်ပေါ့လျော့တာ စတာတွေအတွက် လိုအပ်သလို အရေးယူပေးဖို့ ပြည်ထောင်စုဝန်ကြီးဌာနကို တင်ပြထားတယ်လို့ စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောဆိုလိုက်ပါတယ်။ ဒီဇင်ဘာလ ၁၄ ရက်နေ့က ပြန်လည်ကျင်းပတဲ့ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ၂၅ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့မှာ တိုင်းလွှတ်တော် ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုကော်မတီက မေးမြန်းတဲ့ မေးခွန်းနဲ့ပတ်သက်လို့ ပြန်လည်ဖြေကြားသွားတာလည်း ဖြစ်ပါတယ်။

“လွှတ်တော်အစည်းအဝေးမတက်ရောက်တာ၊ လူစားမလွှတ်တာ၊ ကိုယ်စားလှယ်တွေရဲ့ မေးမြန်းချက်အဖြေတွေက ဆီလျော်မှုမရှိတာ၊ အချိန်နဲ့တပြေးညီဆောင်ရွက်ရမှာတွေကို ဆောင်ရွက်မှုမရှိတာ၊ တိုင်းအစိုးရကို သတင်းပေးတင်ပြမှု အားနည်းတာ၊ ဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေမှာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု အားနည်းတာတွေကြောင့် တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းလွင်ကို လိုအပ်သလို အရေးယူဖို့ ဝန်ကြီးဌာနကို တင်ပြညှိနှိုင်းထားတယ်။”ဆိုတဲ့အကြောင်းကို လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက လွှတ်တော်မှာ ဖြေကြားခဲ့တာဖြစ်ပါတယ်။

အောက်ခြေဝန်ထမ်းတွေရဲ့ တင်ပြတိုင်ကြားစာကို မိမိသဘောနဲ့ ပြီးစလွယ်ဆောင်ရွက်ပြီး အစိုးရအဖွဲ့ကို လိမ်လည်တင်ပြနေတဲ့အပေါ် အစိုးရအနေနဲ့ ဘယ်လိုထိန်းကျောင်းဆောင်ရွက်မလဲဆိုတာနဲ့ပတ်သက်ပြီး တိုင်းလွှတ်တော် ပညာ၊ ကျန်းမားကော်မတီက မေးခွန်းမေးမြန်းခဲ့တာပါ။

“ကော်မတီကို တန့်ဆည်က ကျန်းမာရေးဝန်ထမ်းတစ်ဦးက တိုင်စာပို့ထားတာရှိတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကော်မတီကနေ ဖြေရှင်းချက်တောင်းတယ်။ ဖြေရှင်းပြီးပြီပြောတယ်။ တကယ်တမ်းဆောင်ရွက်တာ မရှိသေးဘူး။ လွှတ်တော်ကို ခေါ်တော့လည်း တခြားအကြောင်းပြတယ်။ သူကိုယ်တိုင်မလာဘူး။ လူစားလည်း မလွှတ်ဘူး။ ဒီအတွက် ကော်မတီက မေးခွန်းမေးဖို့ ဖြစ်လာတာပါ။”လို့ စစ်ကိုင်းတိုင်းလွှတ်တော် ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုကော်မတီ အဖွဲ့ဝင် ဦးညီညီထွန်းက ပြောပါတယ်။

တိုင်ကြားစာနဲ့ပတ်သက်လို့ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေကို မေးမြန်းရာမှာတော့ ပုဂ္ဂိုလ်ရေးတွေ ပါဝင်တဲ့အတွက် မဖြေဆိုလိုကြောင်း ငြင်းခဲ့ကြပါတယ်။ လွှတ်တော်မှာ ကော်မတီရဲ့ မေးမြန်းချက်မှာလည်း တိုင်စာရဲ့ အဓိကအကြောင်းအရင်းကို ဖော်ပြထားတာ မရှိပါဘူး။ မျက်မှောက်ခေတ်က ရရှိထားတဲ့ သတင်းတွေအရတော့ ဌာနတွင်း ဝင်ရောက်စွက်ဖက်မှုတွေ၊ အလွဲသုံးစားမှုတွေ ဖြစ်တယ်လို့ သိရပါတယ်။

NLD အစိုးရလက်ထက် ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် ဦးဆောင်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ အခုလို ဌာနဆိုင်ရာတွေအပေါ် ကိုင်တွယ်နိုင်မှုမှာတော့ အားနည်းနေသေးပြီး အများစုက လွှတ်တော်တွင်းပြန်လည်ဖြေကြားရာတွင်လည်း တိုင်းအဆင့် ညွှန်ကြားရေးမှူးတွေရဲ့ ရေးပေးတဲ့ အဖြေတွေကိုသာ ဖြေကြားတဲ့အနေအထားမှာ ရှိတယ်လို့ ကိုယ်စားလှယ်တွေက ဝေဖန်ထားပါတယ်။ စစ်ကိုင်းတိုင်းအတွင်း တိုင်းအဆင့် ညွှန်ကြားရေးမှူးတွေထဲက စစ်ကိုင်းတိုင်းသတ္တုတွင်းညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးအောင်နိုင်ကို အဂတိနဲ့ အမှုဖွင့်အရေးယူထားမှုတော့ ရှိနေပါတယ်။

လွင်မင်း (မျက်မှောက်ခေတ်)

error: Content is protected !!