Home > သတင်း > ကျန်းမာရေး > မုံရွာမြို့တွင် ရန်ကုန်မှပြောင်းလာသည့် ရဲဝင်ထမ်းနှစ်ဦး ပိုးတွေ့

မုံရွာမြို့တွင် ရန်ကုန်မှပြောင်းလာသည့် ရဲဝင်ထမ်းနှစ်ဦး ပိုးတွေ့

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ရန်ကုန်ကနေ ပြောင်းလာတဲ့ရဲဝင်ထမ်းနှစ်ဦး ဒီကနေ့ နံနက်ပိုင်းက ပိုးတွေ့ရှိတယ်လို့ မုံရွာမြို့နယ် ဒုအုပ်ချုပ်ရေးမှူးဦးအာကာမြင့်ကပြောပါတယ်။ အဲဒီပိုးတွေ့လူနာနှစ်ဦးက သာမန်ရဲတပ်သားတွေဖြစ်ပြီး ရန်ကုန်ကနေ မုံရွာမြို့ တိုင်းရဲတပ်ဖွဲ့ရုံးကို ပြောင်းလာသူတွေဖြစ်ကာ မုံရွာစီးပွားရေးတက္ကသိုလ်မှာ နိုဝင်ဘာ ၁၇ ရက်နေ့က Quarantine ထားရှိသူတွေဖြစ်ပါတယ်။

“ဒီနေ့ ၁၁၄ ယောက်ကို Test kit စစ်တော့ ဒီနှစ်ယောက်ရောဂါပိုးတွေ့တာ။ သူတို့က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝန်ထမ်းတွေပါ။ ရန်ကုန်ကနေ ပြောင်းလာတာပါ။ စီးပွားရေးတက္ကသိုလ်မှာ အသွားအလာကန့်သတ်ထားတာ။ စစ်ကိုင်းတိုင်း တိုင်းရဲတပ်ဖွဲ့ရုံးကို ပြောင်းလာတဲ့အဖွဲ့တွေပေါ့။ ကျန်းမာရေးကကောင်းတယ်။ သူတို့နဲ့ထိတွေ့မှုမရှိဘူး။ သူတို့က တစ်ခါတည်း Quarantine ဝင်တာပါ။”လို့ ဦးအာကာမြင့်ကပြောပါတယ်။

အဲဒီပိုးတွေ့လူနာနှစ်ဦးကိုတော့ မုံရွာတက္ကသိုလ်ဆေးရုံမှာ ပို့ဆောင်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးသွားမှာဖြစ်ပါတယ်။ မုံရွာမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၄၅ ဦးရှိပြီး အဲဒီထဲက ဆေးရုံကနေ ဆင်းသူ ၃၆ ဦးရှိပြီဖြစ်တယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီ ကိုဗစ်အတည်ပြုလူနာတွေထဲက လူနာအမျိုးသမီးတစ်ဦးကတော့ ဒီကနေ့ နံနက်ပိုင်းက သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မြို့နယ် ၂၈ မြို့နယ်မှာ ပိုးတွေ့လူနာ ၆၇၅ ဦးရှိပြီး အဲဒီထဲက ဆေးရုံကနေ ဆင်းခွင့်ရသူ ၅၅၈ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က နိုဝင်ဘာလ ၂၅ ရက်နေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ကိုဗစ်ပိုးတွေ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ မုံရွာအပြင် စစ်ကိုင်း၊ ယင်းမာပင် စတဲ့မြို့နယ်တွေမှာလည်း တွေ့ရှိထားပြီး ပိုးတွေ့တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ရှိပါတယ်။

သူရိယထက်

error: Content is protected !!