Home > သတင်း > ဒေသတွင်းသတင်း > စစ်ကိုင်းတိုင်းမှာ မဲဆန္ဒနယ် ၃၀ ခုရဲ့ မဲရလဒ်ကိုသာ ထုတ်ပြန်နိုင်သေး

စစ်ကိုင်းတိုင်းမှာ မဲဆန္ဒနယ် ၃၀ ခုရဲ့ မဲရလဒ်ကိုသာ ထုတ်ပြန်နိုင်သေး

ရွေးကောက်ပွဲကျင်းပပြီး (၃) ရက်ကြာတဲ့ ဒီကနေ့ နို၀င်ဘာလ (၁၁) ရက်နေ့ နေ့လည်ပိုင်းအထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ် (၁၀) မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် နဲ့ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၃၀ ကိုသာ မဲရလဒ်တွေ ထုတ်ပြနိုင်သေးတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြင်းမူ၊ အင်းတော်၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ခန္တီး၊ ဖောင်းပြင်၊ နန်းယွန်း၊ ဘုတလင်၊ ကန့်ဘလူ စတဲ့မြို့နယ် (၁၀) မြို့နယ်က ပြည်သူ့လွှတ်တော်နှင့် တိုင်း(၁)၊ (၂) မဲဆန္ဒနယ်တွေကိုသာ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ထုတ်ပြန်ကြေငြာ နိုင်သေးတာဖြစ်ပါတယ်။ မဲရလဒ်တွေကိုတော့ တိုင်းရွေးကော်ရုံး ကြော်ငြာဘုတ်မှာ ကပ်ထားပါတယ်။

“တိုင်းအတွင်းက မဲရလဒ်တွေအားလုံးကို မထုတ်ပြန်နိုင်သေးတာက မဲစာရွက်တစ်ခုချင်းစီက အရေးကြီးတဲ့အတွက် ဂရုစိုက် စစ်ဆေးနေရတာကြောင့် ဖြစ်တယ်။”လို့ စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိ ဦးအောင်မျိုးလွင် ကပြောပါတယ်။

လက်ရှိ စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ထုတ်ပြန်ထားတဲ့မြို့နယ် (၁၀) ခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားပြု ယှဉ်ပြိုင်ကြတဲ့ ကိုယ်စားလှယ်လောင်းတွေက အနိုင်ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ တချို့မြို့နယ်တွေမှာတော့ မဲရလဒ်အပေါ် ကျေနပ်မှုမရှိလို့ တိုင်ကြားတာတွေလည်း ရှိသလို ပုံစံ ၁၉ မှာ လက်မှတ်မထိုးတာတွေလည်း ရှိနေပါတယ်။

ကျော်ဇေယျ (မျက်မှောက်ခေတ်)

error: Content is protected !!