Home > သတင်း > တရားဉပဒေစိုးမိုးရေး > လေရှီးမြို့နယ်တွင် NLD ပါတီက မဲဝယ်တယ်ဆိုပြီး USDP ပါတီက ကော်မရှင်ကို တိုင်ကြား

လေရှီးမြို့နယ်တွင် NLD ပါတီက မဲဝယ်တယ်ဆိုပြီး USDP ပါတီက ကော်မရှင်ကို တိုင်ကြား

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်မှာ ရွေးကောက်ပွဲကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကနေ ပါတီအနိုင်ရရှိရေးအတွက် မဲဝယ်တာတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီကနေ နိုဝင်ဘာလ ၁၀ ရက်နေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားခဲ့ပါတယ်။ အသက် ၁၈ နှစ်ပြည့်ပြီးသူတွေဆီကနေ မဲရရှိရေးအတွက် ဆန္ဒမဲပေးနိုင်ရေး မှတ်ပုံတင်အတုပြုလုပ်တာ၊ တစ်မဲကို ငွေ ၅ သောင်းကျပ်ပေးပြီး မဲထည့်ခိုင်းတာ၊ ခရီးလွန်နေသူ ကိုယ်စား ကြိုတင်မဲထည့်တာ စတဲ့ ကိစ္စတွေကို NLD ပါတီက ပြုလုပ်ခဲ့တယ်လို့ လေရှီးမြို့နယ် USDP ပါတီကိုယ်စားလှယ်လောင်းက ပြောပါတယ်။

“ကျွန်တော်လေရှီးတိုင်း ၂ ကပါ။ တိုင်း ၂ မှာဖြစ်ပျက်နေတဲ့ မတရားမှုတွေကို တိုင်တာပါ။ ရွေးကော်ပွဲဉပဒေအရ အရေးယူပေးဖို့ တင်ပြတာပေါ့။ သတ်မှတ်ချိန်ကျော်လွန်ပြီးရောက်တဲ့ ကြိုတင်မဲတွေကို လက်ခံတာ။ ကုံကိုင်လုံရွာမှာ မဲထည့်စေဖို့ မှတ်ပုံတင်အတုပြုလုပ်ပြီး မဲထည့်စေတာ၊ ပန်ဆပ်ကျေးရွာမှာ ခရီးလွန်သူကိုယ်စား ကြိုမဲထည့်ခိုင်းတာ၊ မှင်လေးနည်းနည်းစွန်းတာကို ပယ်မဲသတ်မှတ်တာ၊ မဟုတ်မမှန်တဲ့စာတွေဖြန့်တာ၊ မဲထည့်ရင် ဆိုလာရမယ်ဆိုပြီး စည်းရုံးတာ ဒါတွေအတွက် တိုင်တာပါ။ ကျွန်တော်နဲ့ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်ကိုယ်တိုင်က အဲလို ဟောတာ။”လို့ လေရှီးမြို့နယ် USDP ပါတီကိုယ်စားလှယ်လောင်း ဦးရှိသီးက ပြောပါတယ်။

လေရှီးမြို့နယ်က မဲရလဒ်တွေကိုတော့ ရွေးကောက်ပွဲကော်မရှင်က အတည်ပြုထုတ်ပြန်တာ မရှိသေးပါဘူး။ NLD ပါတီရဲ့ သတင်းတွေအရ လေရှီးမြို့နယ်မှာ မဲဆန္ဒနယ်အားလုံးကို NLD ပါတီကပဲ အနိုင်ရရှိတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ NLD ပါတီရဲ့ လေရှီးမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးရိထင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ လတ်တလောမဖြေကြားချင်သေးဘူးလို့ ပြောပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကတော့ ဒီစ္စတွေအပေါ်မှာ တချို့ကိစ္စတွေကတော့ ရဲအရေးပိုင်ဖြစ်လို့ ရဲစခန်းမှာ တိုင်ကြားစေပြီး ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ကိစ္စတွေကိုတော့ ကန့်ကွက်ခွင့်ရှိတယ်လို့ ပြန်လည်အကြောင်းပြန်ထားတယ်လို့လည်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူက ပြောပါတယ်။

“ပယ်မဲ၊ ခိုင်လုံမဲကိစ္စတွေကို မဲရုံမှူးကပဲ ဆုံးဖြတ်တယ်။ မဲရုံမှူးဆုံးဖြတ်တဲ့ကာလအတွင်းမှာ မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်က ကန့်ကွက်ပိုင်ခွင့်ရှိတယ်။ မဲမသာမှုတွေ ဘာတွေကိုလည်း သူတို့တွေအနေနဲ့ သက်သေအခိုင်အမာရှိတယ်ဆိုရင် ရဲစခန်းမှာ အမှုဖွင့်ပိုင်ခွင့်ရှိတယ်။ အဲလိုတော့ ပြောထားပါတယ်။ စာအကြောင်းပြန်ထားပါတယ်။”လို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်သန်းသန်းဝင်းက ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မဲဆန္ဒနယ်စုစုပေါင်း ၁၀ နေရာရှိပြီး နိုင်ငံရေးပါတီ ၄ ခု ဝင်ရောက်ယှဉ်ပြိုင်ကြရာမှာ NLD ပါတီက ၈ နေရာအနိုင်ရရှိခဲ့ပြီး USDP ပါတီကတော့ ၂ နေရာအနိုင်ရရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပြီး တိုင်းရွေးကောက်ပွဲကော်မရှင်ကတော့ အတည်ပြု မထုတ်ပြန်သေးပါဘူး။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် နန်းယွန်းမြို့နယ်က တိုင်း ၁၊ တိုင်း ၂ နှင့် ပြည်သူ့လွှတ်တော်နေရာတွေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အနိုင်ရရှိတယ်လို့ တိုင်းရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။ တချို့မြို့နယ်တွေမှာတော့ မဲရလဒ်တွေနဲ့ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီက ပုံစံ ၁၉ မှာ လက်မှတ်ရေးထိုးတာ မရှိသေးပါဘူး။

မျက်မှောက်ခေတ်

error: Content is protected !!