Home > သတင်း > တရားဉပဒေစိုးမိုးရေး > ကနီမြို့နယ်တွင် မဲဆန္ဒရှင်အချို့ မဲပေးခွင့်ဆုံးရှုံးခဲ့တဲ့အပေါ် အမှုဖွင့်တိုင်ကြား

ကနီမြို့နယ်တွင် မဲဆန္ဒရှင်အချို့ မဲပေးခွင့်ဆုံးရှုံးခဲ့တဲ့အပေါ် အမှုဖွင့်တိုင်ကြား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ သစ်ခက်ကျေးရွာတွင် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ မဲမပေးလိုက်ရသူတွေက သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူကို အရေးယူပေးဖို့ နိုဝင်ဘာလ ၁၂ ရက်နေ့က ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။ သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲကို မဲစာရင်းမှာ အမည်မပါတဲ့အတွက် အကြိမ်ကြိမ်သွားရောက် တောင်းဆိုခဲ့ပေမယ့် တာဝန်ယူဆောင်ရွက်ပေးတာ မရှိခဲ့လို့ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးဆုံးရှုံးခဲ့ရတာလည်း ဖြစ်ပါတယ်။

“မဲစာရင်းတွေကြေငြာတော့ သွားကြည့်ကြတယ်။ အခုတိုင်တဲ့သူအပါအဝင် ၁၁ ဦးက။ နာမည်တွေမပါတဲ့အတွက် ရပ်ကျေးကော်မရှင်အတွင်းရေးမှူး စာရေးဆီကို သွားတောင်းဆိုတယ်။ ဒုတိယအကြိမ်မှာလည်း မပါဘူး။ ထပ်တောင်းဆိုတယ်။ မပါဘူး။ ရွေးကောက်ပွဲနေ့မှာ အမည်စာရင်းမပါလို့ မဲပေးခွင့်ရခဲ့ဘူး။ ဒီအတွက် ကျေနပ်မှုမရှိလို့ အမှုဖွင့်တာပေါ့။ အဓိကကတော့ ကော်မရှင်ရဲ့ ပေါ်လျော့မှုကြောင့် ဖြစ်ရတာပေါ့။ အကြိမ်ကြိမ်တောင်းဆိုရဲ့သားနဲ့ မပါတဲ့အတွက် မခံမရပ်နိုင်ဖြစ်ပြီး အမှုဖွင့်တာပါလို့ သိရတယ်။”လို့ ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

မဲပေးခွင့်ဆုံးရှုံးခဲ့တဲ့ ကျေးရွာသားတွေကိုယ်စား ဦးဇော်မင်းနိုင် (၃၂ နှစ်) က ရပ်ကျေးကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးစိုးမင်းထွန်းကို ရွေးကောက်ပွဲဆိုင်ရာ ဉပဒေပုဒ်မ ၅၇ အရ ဝင်းမနားနယ်မြေရဲစခန်းမှာ မဲပေးခွင့်မရခဲ့သူတွေကိုယ်စား အမှုဖွင့်တိုင်ကြားခဲ့တာပါ။ ဝင်းမနားနယ်မြေရဲစခန်းက (ပ)၃၂/၂၀၂၀ နဲ့ အမှုဖွင့်လှစ်ကာ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ မဲပေးခွင့်မရခဲ့သူတွေထဲမှာ ဦးဇော်မင်းနိုင်အပြင် တစ်ရွာထဲနေ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၅ ဦးတို့လည်း မဲဆန္ဒရှင်စာရင်းမှာ မပါလို့ မဲပေးခွင့် ဆုံးရှုံးခဲ့ရတာပါ။ လက်ရှိမှာ အဲဒီကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးက ကာယကံရှင်တွေကို ကျေအေးပေးဖို့ တောင်းပန်တာတွေလည်း ပြုလုပ်နေတယ်လို့ဆိုပါတယ်။

အလားတူ မော်လိုက်မြို့နယ်မှာလည်း မဲစာရင်းမှာ မပါလို့ကြိုတင်မဲပေးခွင့် ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံ့ဝန်ထမ်းတွေလည်း ရှိပါတယ်။ ကော်မရှင်အချင်းချင်းချိတ်ဆက်မှု အားနည်းတဲ့အတွက် မဲပေးခွင့်ဆုံးရှုံးရတဲ့အကြောင်းကို သတင်းမီဒီယာတွေကို ဖြေကြားခဲ့လို့ဆိုပြီး အစီရင်ခံစာ ရေးတင်ခိုင်းတာတွေလည်း ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ထူးခြားမှုမရှိဘူးလို့ သိရပါတယ်။

မျက်မှောက်ခေတ်

error: Content is protected !!