Home > Uncategorized > စစ်ကိုင်းမြို့နယ် အမှတ်(၃) ဆေးဝါးစက်ရုံဂိုဒေါင် မီးလောင်

စစ်ကိုင်းမြို့နယ် အမှတ်(၃) ဆေးဝါးစက်ရုံဂိုဒေါင် မီးလောင်

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းအုပ်စု၊ ချောင်းပေါက်ကျေးရွာမှာရှိတဲ့ အမှတ်(၃) ဆေးဝါးစက်ရုံ ဂိုဒေါင်မှာ နို၀င်ဘာ (၂) ရက် ည ၁၂ နာရီ၀န်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်းခရိုင် မီးသတ်ဦးစီးဌာန သတင်းတွေအရ သိရပါတယ်။  မီးလောင်မှု ဖြစ်ပွားခဲ့တာဟာ စက်ရုံဂိုဒေါင်ရဲ့ မျက်နှာကျက်အတွင်းမှာရှိတဲ့ လျှပ်စစ်ဝါယာကြိုးကို မိုရေထိပြီး ဝါယာရှော့ဖြစ်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

“ဒေါင်မျက်နှာကျက်အတွင်း သွယ်တန်းထားတဲ့ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ဝါယာကြိုးကို မိုးရေထိပြီး လောင်ကျွမ်းခဲ့တာပါ။ မီးစပြီးလောင်တဲ့ အခန်းခဲမှာက ရေညှိဖတ်လို့ခေါ်တဲ့ အပယ်သားတွေကူးလောင်ပြီး အဆောက်ဦးတစ်ခုလုံးလောင်တဲ့ သဘောပါ။”လို့ စစ်ကိုင်းခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အောင် ကပြောပါတယ်။

အမှတ် (၃) ဆေးဝါးစက်ရုံ ဂိုဒေါင်မီးလောင်ရာကို စစ်ကိုင်းခရိုင်၊ မြို့နယ်တွေက မီးသတ်ရေယာဉ် (၄) စီး၊ ရေသယ်ယာဉ် (၃) စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့၀င်တွေ၊ အရံမီးသတ်တပ်ဖွဲ့တွေနဲ့ စက်ရုံ၀န်ထမ်းတွေက ဝိုင်း၀န်းငြှိမ်းသတ်ခဲ့ရပြီး နို၀င်ဘာ (၃) ရက်မနက် (၂) နာရီ၀န်းကျင်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် အလျား (၈၀) ပေ၊ အနံ (၆၀) ပေရှိတဲ့ RC တစ်ထပ်တိုက်နဲ့ အဆောက်ဦးအတွင်းမှာရှိတဲ့ ဆေးဝါး၊ စားသောက်ကုန်နဲ့ အလှကုန် စတဲ့ကုန်ကြမ်းတွေ ပျက်စီးဆုံးရှုံးခဲ့ပြီး စုစုပေါင်း တန်ဖိုးကျပ်သိန်း (၁၀၀) ၀န်းကျင် မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ် လို့ သိရပါတယ်။

အခုနှစ်အတွင်း မတ်လ ၃ ရက်နေ့ကလည်း စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက်၊ ပတ္တမြားစက်မှုဇုန် ၂၅ လမ်းရှိ ချည်မျှင်နှင့် အထည်စက်ရုံမီးလောင်ခဲ့ပြီး ကျပ်သိန်း ၄၂၀၀ ကျော်ဖိုး မီးလောင်ဆုံးရှုံးခဲ့ကာ မီးသတ်တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

ကျော်ဇေယျ (မျက်မှောက်ခေတ်)

error: Content is protected !!