စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ အပါအဝင် ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့အမှု တစ်ရက်ထဲ ၃ မှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတော်အကြည်ညိုပျက်စေမှုကိုတော့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက တရားရုံးကို ဦးတိုက်လျှောက်ထား စွဲဆိုခဲ့တာဖြစ်ပြီး ကျန်အမှုတွေကိုတော့ NLD ပါတီအောင်နိုင်ရေးကော်မတီက တရားလိုပြုလုပ်ခဲ့တာပါ။
“နဘူးစွဲကျေးရွာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို လူတစ်ယောက်က အသံချဲ့စက်နဲ့ဖွင့်ပြီး ဆဲတယ်။ ဒါကိုတော့ မြို့နယ်ထွေအုပ်က သက်ဆိုင်ရာအဆင့်ဆင့်တင်ပြပြီး တရားစွဲတာပေါ့။ နောက်တစ်ခုက ကနီမြို့ အမှတ် ၂ ရပ်ကွက်မှာ NLD ပါတီရဲ့ ဒေါက်ဖိနပ်လျှောက်သံသီချင်းကို ဖျက်ဆိုထားတဲ့ NLD ပါတီကို စော်ကားတဲ့သီချင်းဖွင့်လို့ အောင်နိုင်ရေးကော်မတီက အမှုဖွင့်တယ်။ အဲရပ်ကွက်မှာပဲ ကြိုမဲပေးတဲ့အခါ မဲတစ်ရွက်က ပေးပြီးသားဖြစ်နေတယ်။ မသမာမှုအတွက် ရွေးကော်ကို တိုင်ထားတယ်။ ဝက်ချောင်းလေးကျေးရွာမှာလည်း မနေ့က ပါတီဝင်နှစ်ယောက် ကြိုတင်မဲနဲ့ပတ်သက်ပြီး အရိုက်ခံရလို့ အမှုဖွင့်ထားတယ်။”လို့ ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။
ကနီမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၁၁၀၀၀၀ ကျော်ရှိပြီး မဲရုံပေါင်း ၁၂၁ ရုံရှိပါတယ်။ နိုင်ငံရေးပါတီ ၄ ခုက ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။ လတ်တလောမှာလည်း ရွေးကောက်ပွဲကာလမှာ နိုင်ငံတော်သမ္မတရုံးရဲ့ ထုတ်ပြန်ချက်အတိုင်း တရားမမဲ့မှုတွေ ဖြစ်ပေါ်လာရင် တရားစွဲဆိုနိုင်အောင် ပြင်ဆင်နေတာတွေလည်း ရှိနေပါတယ်။ နိုင်ငံတော်အကြည်ညိုပျက်စေမှုတွေနဲ့ပတ်သက်လို့ လတ်တလောအတွင်း ကနီအပြင် မင်းကင်း၊ ကလေးဝ စတဲ့မြို့နယ်တွေမှာလည်း တရားစွဲဆိုမှုတွေရှိနေပါတယ်။ ဒါ့အပြင် တချို့နေရာတွေမှာ ပါတီကြီးနှစ်ခုရဲ့အားပြိုင်မှုတွေကြောင့် နှစ်ဖက်ပါတီဝန်းရံသူတွေ ခိုက်ရန်ဖြစ်ပွားတာ၊ မဲရုံတွင်းမှာ ထိုးကြိတ်တာ စတဲ့ပြဿနာတွေလည်းရှိနေသလို ကာဘိုးအကြမ်းဖက်မှုဖြစ်စဉ်လို လူသေဆုံးတဲ့အထိလည်း ဖြစ်တာတွေရှိနေပါတယ်။ ကြိုတင်မဲပေးရာမှာလည်း မဲရုံပိတ်ရတာတွေ၊ တံဆိပ်တုံးမှားယွင်းတာတွေ၊ လက်မှတ်မပါတာတွေနှင့် တံဆိပ်တုံးပျောက်ဆုံးတာတွေလည်း ကြုံတွေ့နေရာတာပါ။ ရွေးကောက်ပွဲကျင်းပဖို့ကလည်း ၃ ရက်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။
လွင်မင်း(မျက်မှောက်ခေတ်)၊ လူလှ