Home > သတင်း > စစ်ရေး > ပလက်ဝမြို့နယ်တွင်း ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာသတ်မှတ်လိုက်လို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄ သောင်းကျော် လျော့နည်းသွား

ပလက်ဝမြို့နယ်တွင်း ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာသတ်မှတ်လိုက်လို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄ သောင်းကျော် လျော့နည်းသွား

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်းက ကျေးရွာအုပ်စု ၉၄ အုပ်စုမှာ လုံခြုံရေးအနေအထားကြောင့် ရွေးကောက်ပွဲ မကျင်းပဖြစ်တော့ဘူးလို့ အောက်တိုဘာလ ၂၇ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီအတွက် ပလက်ဝမြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်မယ့်နေရာက ကျေးရွာ ၁ အုပ်စုနှင် မြို့ပေါ်ရပ်ကွက် ၇ ရက်ကွက်ဖြစ်ပြီး မူလက မဲပေးခွင့်ရှိသူ ၆ သောင်းကျော်ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ၁၆၀၀၀ ခန့်သာ ကျန်ရှိတော့တာပါ။

“ကျေးရွာအုပ်စု ၉၄ အုပ်စုမှာ ရွေးကောက်ပွဲမကျင်းပနိုင်တာကနော့ လုံခြုံရေးကြောင့်ပါ။လုံခြုံရေးမပေးနိုင်တဲ့အတွက်ကြောင့်ပါ။ကာကွယ်ရေးဝန်ကြီးဌာနက လုံခြုံရေးလုပ်ပေးနိုင်တဲ့ရပ်ကွက်အုပ်စုတွေကို ကျင်းပသွားမှာပါ”လို့ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးဖေကီးက ပြောပါတယ်။

ပလက်၀မြို့နယ်မှာ ရခိုင်အမျိုးသားပါတီနှင် မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီနှစ်ခုကတော့ ၂၀၁၅ တုန်းက ဝင်ပြိုင်တာတွေ ရှိခဲ့ပေမယ့် လာမယ့်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာမဟုတ်တာကြောင့် လက်ရှိမှာ နိုင်ငံရေးပါတီ ၅ ပါတီက ကိုယ်စားလှယ်လောင်း ၁၉ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ပလက်ဝမြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပတဲ့ နေရာတွေ ရွေးကောက်ပွဲကော်မရှင်က ကြေငြာခဲ့တာနဲ့ပတ်သက်လို့ ရွေးကောက်ပွဲလုံလုံခြုံခြုံနဲ့ မဲပေးနိုင်မယ့် ကျေးရွာအုပ်စု ၁၂ အုပ်စုကို ပြန်လည်ထည့်သွင်းကျင်းပသင့်ပြီး အခုလို ထုတ်ပြန်ချက်အပေါ် အံ့ဩတုန်လှုပ်မိကာ မဲဆန္ဒရှင်တွေကိုယ်စား စိတ်မကောင်းဖြစ်ရတယ်လို့လည်း ခူမီးချင်း မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီကနေ အောက်တိုဘာလ ၂၈ ရက်နေ့က ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါသေးတယ်။

ချင်းပြည်နယ်အတွင်း ထန်တလန်၊ မတူပီ၊ မင်းတပ်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ ကန်ပက်လက်၊ ဟားခါး၊ ပလက်ဝမြို့နယ်တွေမှာ မကြာခင် ကျင်းပပြုလုပ်တော့မယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၃၁၆၉၈ ဦးနဲ့ မဲရုံပေါင်း ၉၅၇ ရုံအထိရှိတယ်လို့ ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ က သိရပါတယ်။

“ချင်းပြည်နယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ လူဦးရေကတော့ ၃၃၁၆၉၈ ဦးရှိပါတယ်။ မဲရုံပေါင်းကတော့ ၉၅၇ ရုံရှိပါတယ်။”လို့ ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှုး ဦးလင်းကျော်က ပြောပါတယ်။

ချင်းပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီ ၁၁ ခုမှာ ချင်းတိုင်းရင်းသားများပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၊ခူမီး(ခမီး)အမျိုးသားပါတီ၊ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့ပါတီတို့တွေ ဖြစ်ကြပါတယ်။ ဒါ့အပြင် ချင်းပြည်နယ်အတွင်းက မြို့နယ်ပေါင်း ၉ မြို့နယ်မှာ အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လူဦးရေ ၄၄၀၀၈ ဦးရှိကာ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ကြိုတင်မဲတွေ စတင်ပေးနေကြပြီလည်း ဖြစ်ပါတယ်။

ခန့်ချော၊ သူရိယထက်  (မျက်မှောက်ခေတ်)

error: Content is protected !!