Home > သတင်း > စစ်ရေး > တပ်မတော်နှင့် AA တိုက်ပွဲတွေကြား ပလက်၀မှာ ရွေးကောက်ပွဲ ဘယ်လို ကျင်းပမလဲ

တပ်မတော်နှင့် AA တိုက်ပွဲတွေကြား ပလက်၀မှာ ရွေးကောက်ပွဲ ဘယ်လို ကျင်းပမလဲ

တပ်မတော်နှင့် AA တိုက်ပွဲတွေကြား ပလက်၀မှာ ရွေးကောက်ပွဲ ဘယ်လို ကျင်းပမလဲ

By ရန်ကုန်ခေတ်သစ်

ဦးဟွေ့နန်း ( ခူမီးအမျိုးသားပါတီ အလုပ်အမှုဆောင်ကော်မတီဝင်)နှင့် ဆက်သွယ်မေးမြန်းချက်

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တွင် ကျေးရွာအုပ်စု ၉၄ ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး ပလက်၀မြို့နယ်တွင် ရွေးကောက်ပွဲယှဉ်ပြိုင်မည့် ခူမီးအမျိုးသားပါတီ အလုပ်အမှုဆောင်ကော်မတီဝင် ဦးဟွေ့နန်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ချင်းပြည်နယ် ပလက်ဝမှာ ကျေးရွာ ၉၄အုပ်စု ရွေးကောက်ပွဲမလုပ်ဘူးလို့ UEC ရွေးကောက်ပွဲကော်မရှင်က ကြေညာတယ်။ အဲဒီအပေါ် ဘယ်လိုမြင်လဲ။

ဖြေ။ ။ ပထမတုန်းမှာ တစ်မြို့နည်းလုံး တင်လာပေမယ့် ကျွန်တော်ကတော့ နည်းနည်းတော့ စိုးရိမ်မိတာပေါ့။ ကျွန်တော်တို့ ဒေသရဲ့ အခြေအနေအရဆိုရင် တစ်မြို့နယ်လုံး အုပ်စုတိုင်းတော့ ဘယ်လိုမှ လုပ်နိုင်မယ့် အခြေအနေမရှိဘူး။ အဲတော့ တကယ်လို့များ အဲဒီအပေါ်မှာမူတည်ပြီးမှ ကျွန်တော်တို့မြို့နယ်မှာ တကယ်လို့ ရွေးကောက်ပွဲကျင်းပတဲ့ဟာကို Cancel များဖြစ်သွားမလားဆိုပြီးတော့လည်း ကျွန်တော်ကစိုးရိမ်မိတယ်။

ဒါပေမယ့် တရားဝင်ကြေညာထားတယ်ဆိုတော့ ဖြစ်အောင်တော့ လုပ်မှာပါဆိုတဲ့ဟာကိုလည်း ကျွန်တော်တို့ စဉ်းစားမိတာပေါ့။ ဒါပေမယ့် မသေမချာ မရေရာပေါ့။ ကြေညာတဲ့အတိုင်းပဲဖြစ်မယ်ဆိုတာလည်း မယုံကြည်ရဲဘူး။ ဒါပေမယ့် ပျက်သွားမယ်ဆိုတာလည်း မဖြစ်စေချင်ဘူးလေ။ တကယ်လို့ရွေးကောက်ပွဲမကျင်းပတော့ဘူးဆိုရင် ကျွန်တော်တို့မြို့နယ်က ကိုယ်စားလှယ် ၅ဦးဆုံးရှုံးမယ်။ ဘယ်ပါတီပဲ အနိုင်ရရပေါ့။ အခုကျတော့လည်း နယ်မြေအခြေအနေအရလို့ ထင်တာပဲလေ။

တချို့အုပ်စုတွေက သွားလို့လာလို့တောင်မရဘူးလေ။ အခု တချို့ဒေသမှာ ဆန်ရေစပါးရှားပါးလာတာနဲ့အမျှ ဆမီးကနေပြီးတော့ မတူပီဘက်ကနေပြီးတော့ ဆန်လာပို့မယ့် WFP ဆန်တွေကော အစိုးရဆန်တွေကော ဘယ်လိုမှ လာလို့မရဘူးလေ။ တစ်လလောက်မှ တစ်ခေါက်လောက် ဝင်လို့ရတဲ့အနေအထားဖြစ်နေတယ်။ အဲတော့ ကျွန်တော်တို့ဒေသမှာ တကယ်လို့များ ရွေးကောက်ပွဲ ကျင်းကော ကျင်းပနိုင်မလားဆိုတာ စိုးရိမ်တာပေါ့။

ရခိုင်ပြည်နယ်မှာဆိုရင်လည်း တချို့မြို့နယ်တွေက မကျင်းပတော့ဘူးလို့ ကြေညာတာဆိုတော့ တကယ်လို့များ တကယ်ကော ဖြစ်ကောဖြစ်မှာလားဆိုတဲ့ စိုးရိမ်မှုနဲ့ပေါ့။ အဲလိုနေရတဲ့အချိန်မှာ အခုတကယ်ပဲ ကျင်းပလို့ရမယ့် အုပ်စုတွေ ရွေးချယ်ပြီးတော့ ကျင်းပလိုက်တယ်ဆိုရင်လည်း ရွေးကောက်ပွဲတော့ ဖြစ်သွားတာပေါ့။ တစ်မြို့နယ်လုံးရဲ့ ပြည်သူတွေရဲ့ မဲတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် အဓိကကတော့ ကျွန်တော်တို့ရဲ့ ဆန္ဒကတော့ တရားမျှတတဲ့ရွေးကောက်ပွဲသာ ဖြစ်စေချင်တယ်။

ပြည်သူတစ်ရပ်လုံးပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကွက်ကြားမိုးဆိုရင်လည်း အဲဒီ ကွက်ကြားနေရာမှာ တရားမျှမျှတတနဲ့ ရွေးကောက်ပွဲဖြစ်သွားတယ်ဆိုရင် ဒီနေရာလေးကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေတော့ ထွက်လာမှာပေါ့။ အဲလိုပဲ သဘောရပါတယ်။ ပြီးတော့ ဒီရွေးကောက်ပွဲ ကျင်းပတဲ့ဟာနဲ့ အစီအစဉ်ရေးဆွဲတာကျတော့ ကော်မရှင်ရဲ့ ကိစ္စပဲလေ။ ကျွန်တော်တို့အနေနဲ့ သိပ်တော့ ဝေဖန်သုံးသပ်စရာမရှိပါဘူး။

မေး။ ။ အခုပလက်ဝမှာ ကျေးရွာ ၉၄အုပ်စုက ပယ်ဖျက်လိုက်တော့ ကျေးရွာဘယ်လောက်ပဲကျန်တော့မလဲ။

ဖြေ။ ။ အကုန်လုံးက ၉၇နေရာ မြို့ပေါ်မှာ ၃ရပ်ကွက်ပေါ့။ အကုန်လုံးက အုပ်စုကျေးရွာနဲ့ ရပ်ကွက်ပေါင်းက ၁ဝဝပေါ့။ အခုက ပလက်ဝမြို့ရယ်။ ဆမီးမြို့ရယ်။ ပြီးတော့ ချင်းလက်ဝထက်မှာ အုပ်စု ၂အုပ်စုပေါ့။ အုပ်စု ၂အုပ်စု ၃အုပ်စုလောက်ပါတယ်။ အဲတာကတော့ နည်းနည်း နယ်မြေအေးချမ်းတဲ့နေရာပေါ့။

မြို့ပေါ်မှာဆိုရင်လည်းပဲ ပလက်ဝမြို့ခံတစ်ခုတည်းပဲမဟုတ်ဘူးလေ။ တိုက်ပွဲရှောင်တွေက ဟိုအုပ်စု ဒီအုပ်စုက ၇အုပ်စု ၁ဝအုပ်စုလောက်က ဒီမှာပဲ Camp ထိုးပြီးနေကျတာလေ။ ဆမီးမှာလည်း ဒီတိုင်းပဲ ဆမီးနားတစ်ဝိုက်က အုပ်စုတွေဆိုရင်လည်းပဲ ဆမီးမြို့ပေါ်မှာပဲ လွတ်တဲ့နေရာတွေမှာ Camp ထိုးပြီးနေကျတာဆိုတော့ ၉၄အုပ်စု ဆိုပေမယ့်လို့ သူတို့တိုက်ပွဲရှောင်အနေနဲ့ နေတဲ့သူတွေက ပလက်ဝမြို့ပေါ်မှာကော ဆမီးမြို့ပေါ်မှာကော မဲဆန္ဒနယ်အမှတ်ထဲမှာ စာရင်းသွင်းပြီးသားဆိုတော့ အုပ်စုအနေနဲ့ ပြောမယ်ဆိုရင်တော့ ၉၇အုပ်စုရယ်လို့ ပြောလို့မရဘူးပေါ့။

အကုန်လုံး တစ်အုပ်စုလုံးမဟုတ်ပေမယ့်လည်း တစ်ချို့ကရွာမှာသူတို့နေတယ်။ တစ်ချို့ကျတော့ တိုက်ပွဲရှောင်အနေနဲ့ မြို့ပေါ်မှာနေကျတယ်။ တိုက်ပွဲရှောင်စခန်းမှာပေါ့။ ဆိုတော့ သူတို့ကိုသာ အကုန်လုံး စာရင်းတောင်းလိုက်မယ်ဆိုရင် ဒီမကျင်းပဘူးဆိုတဲ့ ၉၄အုပ်စုဆိုတာကတော့လျှော့သွားမှာပေါ့။

မေး။ ။ အဲဒါဆို UEC က မကငြျးပတဲ့ ကြေးရှာအုပျစု ၉၄အုပျစုသာ ကွညောထားတာ မဲဆန်ဒပေးပိုငျခှငျ့ရှိတဲ့သူတှကေ ရှေးကောကျပှဲကငြျးပတဲ့နယျမွထေဲရောကျနတေယျဆိုတဲ့အနအေထားမြိုးလား။

ဖြေ။ ။ တချို့အုပ်စုတွေက တစ်ရွာလုံးနီးပါးကိုက မြို့ပေါ်ရောက်နေတာ။ တချို့ကတော့ ဆမီးနဲ့နီးတဲ့ ကျေးရွာအုပ်စုတွေဆိုရင် ဆမီးမှာပေါ့။ အဲလိုလည်းရှိပါတယ်။ ဆမီးနဲ့ ပလက်ဝကတော့ မိုင် ၃ဝလောက်ဝေးတယ်။ ဆမီးနယ်ဖက်က အဖွဲ့တွေက ဆမီးမြို့ပေါ်မှာ မဲပေးရလိမ့်မယ်။ ဆမီးမြို့မှာ မဲရုံ ၇ခု ပလက်ဝမြို့မှာ မဲရုံ ၉ခု ချင်းလက်ဝမှာ မဲရုံး ၂ခု အကုန်လုံး မဲရုံ ၁၈ခုပေါ့။ သူက ဒီမဲပေးမယ့်နေရာပေါ့။ ၃နေရာပေါ့။ Center ၃ခုပေါ့။ ပလက်ဝမှာ Center ၁ခုရယ်။ ဆမီးမှာ Center ၁ခုရယ်။ ချင်းလက်ဝမှာ ၁ခုရယ်။

အဲတော့ ပလက်ဝမြို့ပေါ်မှာကျတော့ အနီးအနား အုပ်စု ၄အုပ်စု ၅အုပ်စုလောက်ကတော့ ပလက်ဝမြို့ထဲမှာပါလိမ့်မယ်။ မြို့ထဲမှာပါတယ်ဆိုတာကတော့ မြို့ပေါ်မှာနေတဲ့သူတွေပေါ့။ တိုက်ပွဲရှောင်အနေနဲ့ နေတဲ့သူတွေ ဆမီးမြို့ပေါ်မှာလည်း ဒီတိုင်းပဲ ဆမီးမြို့မှာ တိုက်ပွဲရှောင်အနေနဲ့ ရောက်နေတဲ့ အနီးဝန်းကျင်က အုပ်စု ၄အုပ်စု ၅အုပ်စုလောက်တော့ ဆမီးမြို့ရဲ့ မဲရုံ ၇ရုံထဲမှာ ၁ရုံရုံမှာ မဲပေးကျလိမ့်မယ်။ အဲလိုပါ။

ဘာလို့လဲဆိုတော့ သူတို့ကျေးရွာအုပ်စုမှာ သွားပြီးတော့ မဲရုံဆောက်ပြီးတော့ မဲရုံဝန်ထမ်းတွေ မဲရုံကိုယ်စားလှယ်တွေ တာဝန်ရှိတဲ့သူတွေ သွားဖို့လာဖို့ဆိုတာကတော့ လက်ရှိအနေအထားအရ အခက်အခဲရှိနေတာပေါ့။ အဲတာကြောင့်မို့ မြို့ပေါ်လောက်ပဲ သက်ဆိုင်ရာက သူတို့တာဝန်ယူနိုင်မယ့် စိတ်ချရမယ့် နေရာမှာပဲ သတ်မှတ်လိုက်တဲ့သဘောဖြစ်မှာပါ။

မေး။ ။ ပလက်ဝနဲ့ ဆမီးမှာ ကျေးရွာအုပ်စု ၁ဝအုပ်စု ကျော်ကျော်လောက်ပဲရှိတယ်ဆိုတော့ ကျန်တဲ့သူတွေကကော သူတို့ကျေးရွာမှာပဲလား။

ဖြေ။ ။ သူတို့ရွာမှာပဲရှိတယ်။ အဲတာကတော့ ကျွန်တော်တို့ နယ်မြေအနေအထားအရ အဲဒီ ကုလားတန်မြစ်တကြောဆိုရင်လည်း ပလက်ဝမြို့ရဲ့ အပေါ် အုပ်စုကနေစပြီးတော့ ဒီရေကြောင်းလမ်းက သွားခွင့်လာခွင့်မရှိဘူး။ ဒါနယ်မြေအခြေအနေအရပေါ့။ မြစ်ကြောင်း တစ်လျှောက်က ဟိုဖက်လူကော ဒီဖက်လူကော အဲလိုမျိုးရောထွေးနေတာပေါ့။

အဲတာကြောင့်မို့ ပြည်သူတွေ မဲရုံသွားဖို့ လွတ်လွတ်လပ်လပ် မဲထည့်ဖို့ဆိုတာ နည်းနည်းအခြေအနေမဟန်ဘူး။ အဲတာကြောင့်မို့ နဂိုကတည်းက ကျွန်တော်တို့က ရွေးကောက်ပွဲကျင်းပမယ်ဆိုရင်တောင်မှ တစ်မြို့နယ်လုံး ကြေညာတယ်ဆိုတာ ကျွန်တော်တို့လည်း စိုးရိမ်နေတာ ဖြစ်ကောဖြစ်ပါ့မလားဆိုတာလေ ဒါလက်ရှိ ကျွန်တော်တို့ ဒေသရဲ့ အနေအထားပေါ့။

မေး။ ။ အဲတာဆို ဒီရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ကျေးရွာအုပ်စုတွေက ကုလားတန်မြစ်တစ်လျှောက်က ရွာတွေလား။

ဖြေ။ ။ အနောက်ဖက်မှာတော့ ပေချောင်းဆိုတာတော့ရှိတယ်။ အဲဒီ ပေချောင်းကတော့ နဂိုကတည်းက လုံးဝမဖြစ်နိုင်တဲ့ဟာပဲ။ အုပ်စု ၁၁ အုပ်စုလောက်ရှိမယ်။ ကုလားတန်မြစ်အနောက်ကြောပေါ့။ အဲဒီပေချောင်းပြီးရင် တောင်တန်းတစ်ခုက အဲဒီတောင်တန်းရဲ့ ရေကြောကတော့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ပဲ နယ်နိမိတ်ပဲ အဲဒီဖက်မှာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့လေ။ အခုဒီ ကုလားတန်မြစ်ကြောင်းတစ်လျှောက် အများပြည်သူသွားလာနေတဲ့ မြစ်ကြောင်း တစ်လျှောက်တောင်မှ ပလက်ဝမြို့အထက်နားက အုပ်စုကနေစပြီးတော့ အဆင်မပြေတော့ဘူး။ အဲလိုမျိုးဖြစ်နေတာလေ။

မေး။ ။ ပလက်ဝဒေသကို ရွေးကောက်ပွဲကျင်းပတာ အာဏာရပါတီ သေချာပေါက်အနိုင်ရမယ့် နေရာမို့လို့ ရွေးကောက်ပွဲလုပ်တာလို့ ဝေဖန်နေတယ်။ အဲဒီအပေါ်ကို ဘယ်လိုမြင်လဲ။

ဖြေ။ ။ လောလောဆယ်က ကျွန်တော်တို့က အတွင်းစည်းရောက်နေတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့က ကိုယ့်မြို့နယ်အတွင်းမှာပဲ လှောင်ပိတ်နေရတဲ့ လူလိုမျိုးဖြစ်နေတယ်။ အဲတာကြောင့်မို့ ကိုယ့်မြို့နယ်တွင်းက ကိစ္စတွေလောက်ပဲ ကျွန်တော်တို့ မြင်နိုင်သလောက်ကို တတ်နိုင်သလောက်မြင်ပြီးတော့ အခုရွေးကောက်ပွဲကာလဆိုတော့ ကိုယ့်မြို့နယ်အတွင်းကျင်းပမယ့် ရွေးကောက်ပွဲကိုပဲ အဓိကထားပြီးတော့ အာရုံစိုက်တယ်။

နောက်ဆုံးရှင်းရှင်းပြောရရင် ရွေးကောက်ပွဲဖြစ်မဖြစ်တောင်မှ ကျွန်တော်တို့က စိုးရိမ်ထိတ်လန့်နေရတဲ့အနေအထားလေ။ အဲလိုဆိုတော့ တခြားနေရာက ကျင်းပသည် မကျင်းပသည်ဆိုတဲ့ ကိစ္စကိုတော့ ကျွန်တော်တို့တော့ သိပ်ပြီးတော့ သတိလည်းမထားမိဘူး။ အလေးလည်း မထားဖြစ်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က အတွင်းစည်းရောက်နေတာလေ အပြင်ကလူကတော့ မြင်နိုင်တာပေါ့။ ဟိုဖက်လည်း မြင်နိုင်တယ်။ ဒီဖက်လည်းမြင်နိုင်တယ်။ ကျွန်တော်က ကွင်းထဲရောက်နေတဲ့သူဆိုတော့လည်း ကိုယ့်ဆီ ဘောလုံးရောက်ဖို့ပဲ ကိုယ့်ရမယ့် ဘောလုံးကိုပဲ ကန်ဖို့ပဲ အဓိကထားတော့တာပါ။

မေး။ ။ ပလက်ဝဒေသ ရွေးကောက်ပွဲအခြေအနေက ပြိုင်ဆိုင်မှုပြင်းထန်နိုင်မလား။ ဘယ်လိုမျိုးအခြေအနေမျိုးရှိလဲ။

ဖြေ။ ။ ပြိုင်ဆိုင်မှုကတော့ တစ်ချို့နေရာမှာတော့ ပြိုင်ဆိုင်မှုကတော့ သူမသာကိုယ်မသာပဲ တော်တော်များများတော့ နည်းနည်းတော့ ပြိုင်ဆိုင်မှုများပါတယ်။ တစ်ဖက်သတ်ကြီး နိုင်ဖို့တော့ မရှိဘူး။ ပါတီကြီးတွေကလည်း တိုက်စစ်မှူးတွေက အားကောင်းတဲ့သူကလည်း အားကောင်းတယ်လေ။

တချို့တိုက်စစ်မှူးကတော့ သိပ်အားမကောင်းဘူးပေါ့။ အဲလိုဆိုတော့ ပါတီရဲ့ ဝိတ်နဲ့ပဲ ရမလား။ သူ့ဟာနဲ့သူဆိုရင်တော့ တခြားပါတီရဲ့ ပြိုင်ဖက်ကို ယှဉ်နိုင်မယ့် မယှဉ်နိုင်ဘူးဆိုတဲ့ ဟာမျိုးလည်းရှိတယ်လေ။ အဲတော့ ပုံသေပြောလို့မရဘူး။ အကြိတ်အနယ် မဟုတ်ရင်တောင်မှ သူမသာကိုယ်မသာပါပဲ။ ၁မဲ ၂မဲ အပိုလေးနဲ့ပဲ အနိုင်ဖြစ်လိမ့်မယ်ထင်တယ်။ အပြတ်အသတ်တော့ ဖြစ်မှာမဟုတ်ဘူး။

မေး။ ။ ပလက်ဝမှာ ပါတီတွေ မဲဆွယ်စည်းရုံးရေးအခြေအနေကကော ဘယ်လိုရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့ဆီမှာလည်း တိုက်ပွဲအခြေအနေကတစ်မျိုး တစ်ခု ကိုဗစ်ကပါ ပါလာတဲ့အခါကျတော့ လူစုလူဝေးမလုပ်ရတာနဲ့ဆိုတော့ အရင်တုန်းကလိုပေါ့။ ကော်မရှင်ဖက်က ကြီးကြပ်တာတို့ ဘာတို့ မလွတ်လပ်တာတို့ ဘာတို့တော့ ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး။

ကျွန်တော်တို့ အစောပိုင်းတုန်းက ခန်းမ တစ်နေရာမှာ ကျွန်တော်တို့ ဟောပြောမယ်ပေါ့။ လူတွေလည်း ခေါ်ပြီးတော့ပေါ့။ အဲလိုဟောပြောမယ်ဆိုတဲ့အခါကျတော့ ကိုဗစ်နဲ့ကျတော့ ၆ပေအကွာ ၆ပေအကွာ နေရာထိုင်ခင်းချတဲ့အခါကျတော့ အဲဒီခန်းမကြီး တစ်ခုလုံးထဲမှာ လူက အယောက် ၄ဝလောက်ပဲဆန့်တော့တယ်လေ။ နောက်ပြီးတော့ ကိုဗစ်ရဲ့ စံချိန်စံညွှန်းတွေ လိုက်လုပ်ရတဲ့အခါကျတော့ ပြည့်မှီဖို့က မလွယ်ဘူးဖြစ်နေတယ်။ ဒါကတော့ ကိုဗစ်ကြောင့် လူစုလူဝေးလုပ်ဖို့ ဟောပြောဖို့ မဲဆွယ်စည်းရုံးဖို့ ခက်ခဲတာပေါ့။ အဲတော့ အခုက ဘယ်လို လုပ်ရလည်းဆိုတော့ 1 By 1 လိုမျိုးပဲ သွားနေရတာပေါ့။ တစ်အိမ်တက်တစ်အိမ်ဆင်းလို ပုံစံမျိုးပေါ့။

မေး။ ။ ဆရာတို့ပါတီအနေနဲ့ ပလက်ဝမှာ ကိုယ်စားလှယ်လောင်း ဘယ်လောက်ဝင်ပြိုင်ထားလဲ။

ဖြေ။ ။ ကျွန်တော်တို့ ကိုယ်စားလှယ်လောင်းကတော့ ၃နေရာပေါ့။ အမျိုးသား ၂နေရာရယ်။ ပြည်နယ် ၁နေရာရယ်။ ပလက်ဝမှာ အားလုံးက ၅နေရာလေ ပြည်သူလွှတ်တော်ရယ်။ အမျိုးသား ၂နေရာရယ်။ ပြည်နယ် ၂နေရာရယ်။ အဲမှာ ကျွန်တော်တို့ ခမီးပါတီကတော့ အမျိုးသား ၂နေရာရယ်။ ပြည်နယ် ၁နေရာရယ်။ ဒါပေမယ့် အဲပြည်နယ် ၁နေရာကို ပြိုင်မယ့် ကိုယ်စားလှယ်လောင်းကတော့ ရန်ကုန်မှာနေတာဆိုတော့ သူက ရန်ကုန်ကနေလာဖို့ အခုကိုဗစ်တွေ ဘာတွေနဲ့ဆိုတော့ အခုထိတော့ ပလက်ဝမရောက်နိုင်သေးဘူး။

မေး။ ။ ဘာများဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ။ ။ လောလောဆယ်ကတော့ ကျွန်တော်က ဒီဖက်မှာပဲ အာရုံစိုက်နေတာဆိုတော့ တခြားမြို့နယ်က ကိစ္စတွေလည်း ကျွန်တော်တို့လည်း ဘာမှတတ်နိုင်တာမဟုတ်ဘူးလေ။ ဒီလိုဖြစ်ရင်ဖြစ်တယ်။ ဒီလိုဆို ဒီလိုပါလားလို့ပဲ ကျွန်တော်တို့ မှတ်ချက်ချရုံလောက်ပဲရှိတယ်လေ။

သတင်း- ရန်ကုန်ခေတ်သစ် သတင်းဌာန

#ရန်ကုန်ခေတ်သစ်သတင်းဌာနသည် မျက်မှောက်ခေတ်၏ မိတ်ဖက် သတင်းဌာနတစ်ခုဖြစ်ပါသည်။

error: Content is protected !!