Home > သတင်း > တိုင်းရင်းသားကဏ္ဍ > ချင်းပြည်နယ်၏ ပထမဆုံးလေယာဉ်ကွင်းမှာ လေယာဉ်အတက်အဆင်းစမ်းသပ်မှုပြုလုပ်

ချင်းပြည်နယ်၏ ပထမဆုံးလေယာဉ်ကွင်းမှာ လေယာဉ်အတက်အဆင်းစမ်းသပ်မှုပြုလုပ်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဆူရ်ဘုံလေယာဉ်ကွင်းကို အောက်တိုဘာလ ၂၇ ရက်နေ့ မနက်ပိုင်းက မြန်မာ့လေကြောင်းညွှန်ကြားမှုဦးစီးဌာနက ATR-72 လေယာဉ်နဲ့ အတက်အဆင်း စမ်းသပ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးက ပြောပါတယ်။ အဲဒီ ဆူရ်ဘုံလေယာဉ်ကွင်းကို ၂၀၁၅ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး အောက်တိုဘာလ ပထမအပတ်က လေယာဉ်ကွင်းတည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီးခဲ့တာပါ။

“ဒီနေ့ပဲ ATR-72 လေယာဉ် ခရီးသည်တင် ၇၂ ယောက်ဆံ့လေယာဉ်နဲ့ မန္တလေး-ဖလမ်းကို စမ်းသပ်ဆင်းတက်ခဲ့တာပါ။ စမ်းသပ်မှုကတော့ ဒီတစ်နေ့ပါပဲ။ အားလုံးအဆင်ပြေသွားပြီ။ လေယာဉ်ဆင်းတက်ရပြီ။”လို့ ဝန်ကြီး ဦးရွှေထီးအိုးက ပြောပါတယ်။

ဆူရ်ဘုံလေယာဉ်ကွင်း လေယာဉ်နဲ့ စမ်းသပ်ဆင်းတက်ရာကို နိုင်ငံတော် ဒုတိယသမ္မတ-၂ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်နှင့် ပြည်နယ်ဝန်ကြီးတွေ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူတွေက တက်ရောက်ကြည့်ရှု့ခဲ့ပါတယ်။ အဲဒီဆူရ်ဘုံလေယာဉ်ကွင်းကို ယခုလနောက်ဆုံးအပတ်မှာ ဖွင့်လှစ်ဖို့ မှန်းထားပေမယ့် ကိုဗစ်ကြောင့် မဖွင့်လှစ်နိုင်သေးကာ ကိုဗစ်ကာလပြီးပါက ဖွင့်လှစ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဖလမ်းမြို့နယ် ဆူရ်ဘုံလေယာဉ်ကွင်းပြေးလမ်းကို ပေ ၆၀၀၀ ပြုလုပ်ထားပြီး အဲဒီလေယာဉ်ကွင်းကို ငွေကျပ် ၃၅ ဘီလီယံနဲ့ မြန်မာ့လေယာဉ်ကြောင်း ညွှန်ကြားမှုဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့တာပါ။ အဲဒီလေယာဉ်ကွင်းက အဓိကအားဖြင့် ATR-72 လေယာဉ် ဆင်းတက်အသုံးပြုနိုင်ရန် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဆူရ်ဘုံလေယာဉ်ကွင်းက ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆၀၀၀ ကျော်အမြင့်မှာ တည်ဆောက်ထားတဲ့ လေယာဉ်ကွင်းဖြစ်ပြီး ချင်းပြည်နယ်ရဲ့ ပထမဆုံးလေယာဉ်ကွင်းတစ်ခုလည်းဖြစ်ပါတယ်။

လက်ရှိမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကနေ ကိုဗစ်ကပ်ရောဂါကြောင့် ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ်တွေကို ယာယီရပ်နားထားတာကိုလည်း နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့ထိ ဆက်လက်ရပ်ဆိုင်းထားဖို့ အောက်တိုဘာလ ၂၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ပိုတေး

error: Content is protected !!