Home > သတင်း > ကျန်းမာရေး > ပြည်ထောင်စု ပို့/ဆက်ဝန်ကြီးရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ် ရွာအထဲအဝင်မခံလို့ ဘောလုံးကွင်းမှာပဲ ဟောပြောခဲ့ရ

ပြည်ထောင်စု ပို့/ဆက်ဝန်ကြီးရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ် ရွာအထဲအဝင်မခံလို့ ဘောလုံးကွင်းမှာပဲ ဟောပြောခဲ့ရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကြိုးကြာကန်ကျေးရွာကို ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်အမာကြည်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်သီတာဝင်းတို့ အပါအဝင် NLD ပါတီဝင်တွေက မဲဆွယ်စည်းရုံးရေးသွားရာမှာ ရွာထိပ်အရောက်မှာ ဆယ်အိမ်မှုးက ဝါးလုံးနဲ့တားကာ အဝင်မခံတာဖြစ်ခဲ့ပါတယ်။ ဒီအတွက် ဝန်ကြီးနဲ့အဖွဲ့က မဲဆွယ်စည်းရုံးရေးဟောပြောမှုကို ရွာအပြင် ဘောလုံးကွင်းမှာပဲ လုပ်ဆောင်ခဲ့ရတာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်ရာမှာတော့ သူတို့ကို အခုလို လုပ်ဆောင်ဖို့ ခွင့်ပြုမထားဘူးတဲ့အပြင် အခုဖြစ်စဉ်အပေါ်မှာလည်း စုံစမ်းစစ်ဆေးကာ တားမြစ်သူတွေကို အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

“အရင်တုန်းကတည်းက ရွာကိုလုံခြုံရေးအရဆိုပြီးတော့ ဝါးလုံးတားထားတာရှိတာပေါ့။ ရွာရှောင်လမ်းရှိတယ်ဆိုပြီး ရွာရှောင်လမ်းပေးလိုက်တာပေါ့။ ဝါးလုံးတားမြစ်မှုကို ကျွန်တော်ညွှန်ကြားထားတာမရှိဘူး။ တိုင်းအစိုးရကလဲ ညွှန်ကြားထားတာမရှိပါဘူး။ အဲဒီရာအိမ်မှူးကိုလဲ အရေးယူဖို့လုပ်ထားတယ်။ ကျန်းမာရေးအရ လုပ်ချင်ရင် လက်ဆေး၊ အပူချိန်တိုင်း အဲဒီလူတွေအားလုံးကိုတော့ သူ့ခရီးစဉ်အတိုင်း သူ့ဟာသူသွားခွင့်ပေးရမယ်။ သွားခွင့်မပေးလို့မရဘူး။ လုပ်ချင်ရင် အပူချိန်တိုင်း၊ လက်ဆေး ဒါနှစ်မျိုးပဲ လုပ်လို့ရမယ်။ ဝါးလုံးတွေတားတာတို့၊ ပိတ်တာတို့ မညွှန်ကြားထားဘူး။”လို့ မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ NLD ပါတီတာဝန်ရှိသူတွေကို ဆက်သွယ် မေးမြန်းရာမှာတော့ မဲဆွယ်ဟောပြောနေတဲ့အတွက် မအားသေးတာကြောင့် ပြန်လည်ဖြေကြားပေးနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ မြို့နယ်အောင်နိုင်ရေးကော်မတီဝင်လည်းဖြစ် မဲဆွယ်ရာမှာ ပါဝင်သူလည်းဖြစ်တဲ့ NLD ပါတီလူငယ် ကိုတိုးဝေအောင်ကို ဆက်သွယ်မေမြန်းရာမှာတော့ “ကျန်းမာရေးကြောင့် ဒီဂိတ်ကို ပိတ်ရတာပါလို့ ပြောတယ်။ လမ်းလွှဲရှိတယ်။ အဲဒီလမ်းလွှဲက သွားလို့ပြောတယ်။ မောင်းတံဂိတ်အပြင်ဖက်ကနေ ခဏဟောပြောတယ်။ ရွာခံတစ်ဦးက လမ်းသင့်တဲ့ ရွာထဲလည်း မဝင်ရတဲ့ ဘောလုံးကွင်းမှာ ဟောပြောရမလားဆိုတော့ ရပါတယ်ဆိုလို့ ကျန်းမာရေးညွှန်ကြားချက်နဲ့အညီ ဟောပြောတာတွေ လုပ်ပြီး ပြန်ခဲ့တယ်။ အပြန်တော့ အဲဒီဂိတ်က မရှိတော့ဘူး။ ဘာဆက်လုပ်မယ်ဆိုတာတော့ ရုံးရောက်ရင် အောင်နိုင်ရေးကော်မတီနဲ့ အစည်းဝေးထိုင်ပြီး ဆုံးဖြတ်ချက်အတိုင်း လုပ်သွားမှာပါ။”လို့ ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဗွီဒီယိုဖိုင် ၂ ဖိုင်လည်း လူမှုကွန်ရက်စာမျက်နှာမှာ ပြန့်နှံ့ခဲ့ပါတယ်။ ဗွီဒီဖိုင်အရ တားမြစ်တဲ့သူက ရာအိမ်မှုး ဦးမောင်ခိုင်၊ ရွာခွဲတာဝန်ခံ ဦးလူခင်၊ ရပ်မိရပ်ဖ ဦးညိုဝင်း ဆိုသူတို့ ဖြစ်ပြီး ကျန်းမာရေးဆိုတဲ့ အကြောင်းပြချက်နဲ့ ပိတ်တာလို့ ဆိုပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးက မတားဖို့၊ မလုပ်ဖို့ ပြောဆိုခဲ့တာတွေလည်း ရှိခဲ့ပေမယ့် ကျန်းမာရေးဆိုတဲ့အကြောင်းပြချက်နဲ့ပဲ ပိတ်တာလို့ သိရပါတယ်။ ကိုဗစ်ပိုးတွေ့လူနာကလည်း ကြိုးကြာကန်က တွေ့ရှိထားတာမဟုတ်ဘဲ မြောက်နားက ၁ မိုင်ခန့်အကွာ ဘုတလင်မြို့နယ်၊ ရွာရှည်ရွာက ရန်ကုန်ပြန်ထံကနေ ပိုးတွေ့တာဖြစ်ပါတယ်။ ကြိုးကြာကန်ရွာ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရတော့ အခုလို မဲဆွယ်လာမယ်ဆိုတာကို ကျေးရွာNLD ဝန်းရံသူတွေက ကြိုတင်အကြောင်းကြားခဲ့တယ်ပြီး ဒီဂိတ်က အောက်တိုဘာလ ၂၇ ရက်နေ့ ညကမှ ညတွင်းချင်း ဝါးတားဂိတ်လုပ်ပြီး ပိတ်လိုက်တာလို့ သိရပါတယ်။ NLD ပါတီရဲ့ ရွာပြင်ဘောလုံးကွင်း မဲဆွယ်ဟောပြောအပြီး အပြန်မှာတော့ ဂိတ်က ပြန်ဖွင့်ထားပြီလည်း ဖြစ်ပါတယ်။

ဗွီဒီယိုဖိုင်မှာ ရာအိမ်မှူးဆိုသူက “ရွာကျန်းမာရေးအရ ပိတ်ထားတာပါ။ ကိုယ့်ရွာသူကိုယ်ရွာသားတွေကို အဝင်အထွက်ခံတယ်လေ။ ကျွန်တော်တို့ရွာရဲ့ မြောက်နားလေးကရွာမှာ ရန်ကုန်ပြန်ပိုးတွေ့တာ။ အဲဒီလူတွေက ကျွန်တော်တို့ရွာထဲမှာ ဖြတ်သွားတယ်။ ဖြတ်သွားမခံချင်လို့ လုပ်တာ။ ကျွန်တော်တို့က ရွာပတ်လမ်းပေးထားပါတယ်။ ပတ်လမ်းပေးပြီး သွားလာလို့ရပါတယ်။ တခြားလူတွေလာရင် ရွာထဲကိုအဝင်မခံဘူး။ ဘေးကို အတွေ့ခံတယ်။”လို့ ပြောဆိုထားပါတယ်။

အောက်တိုဘာလလယ်လောက်ကတော့ ကြိုးကြာကန်ကျေးရွာကို မဲဆွယ်စည်းရုံးရေးလာသွားပြီး အဲဒီအချိန်ကတော့ ဂိတ်ပိတ်တာတွေ မရှိသေးဘူးလို့ ဆိုပါတယ်။ ဂိတ်ပိတ်ပြီးနောက်ပိုင်းမှာတော့ လူတစ်ယောက်ကို တစ်သောင်းနှုန်းနဲ့ ၅ ဦးထက်မနည်းကိုလည်း ဒဏ်ရိုက်တာတွေ ရှိခဲ့တယ်လို့ ကြိုးကြာကန်ကျေးရွာဒေသခံ ကိုမြင့်ဇော်က ပြောပါတယ်။

မုံရွာမြို့နယ်မှာ NLD ပါတီရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေမှာ ရွာထဲကို အဝင်မခံတဲ့ကျေးရွာ နှစ်ရွာရှိပြီလို့ သိရပါတယ်။ တစ်ရွာက ဖန်းခါးကျင်းကျေးရွာဖြစ်ပြီး အဲဒီရွာကတော့ ပိုးတွေ့လူနာ ရှိထားတဲ့အတွက် အဝင်မခံလို့ လှည့်ပြန်ခဲ့တာဖြစ်ပါတယ်။

ကိုဗစ်ကာလအတွင်း စတင်ဖြစ်ပွားကာစကလည်း ကြောက်အားလန့်အားကြောင့် ရွာတွေမှာ အခုလို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရွာဝင်လမ်းပိတ်တာတွေ ရှိခဲ့ပါသေးတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်ကျေးရွာမှ သက်ဆိုင်ရာ အဆင့်ဆင့်ရဲ့ ညွှန်ကြားချက် တစ်စုံတစ်ရာမရှိဘဲ ကိုယ့်နည်းကိုယ်ဟန်နဲ့ မပိတ်ကြဖို့အတွက်လည်း တိုင်းအစိုးရအဖွဲ့က ဧပြီလ ၂၂ ရက်နေ့ ရက်စွဲနဲ့ အမိန့်ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

လွင်မင်း (မျက်မှောက်ခေတ်)၊ သူရိယထက်

error: Content is protected !!