Home > သတင်း > တရားဉပဒေစိုးမိုးရေး > မင်းကင်းတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံထားရသူတွေကို ရမန်ရယူပြီး နောက်ရုံးချိန်းထပ်ရွှေ့

မင်းကင်းတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံထားရသူတွေကို ရမန်ရယူပြီး နောက်ရုံးချိန်းထပ်ရွှေ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့  ဒုမြို့နယ်အုပ်ချုပ်ရေးမှုးက တရားလိုပြုလုပ်ကာ အောက်တိုဘာလ ၁၂ ရက်နေ့က တရားရုံးကို ဦးတိုက်လျှောက်ထား စွဲဆိုခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အောက်တိုဘာလ ၂၆ ရက်နေ့မှာ တရားစွဲဆိုခံရသူ ၁၇ ဦးကို ရဲစခန်းမှာပဲ ရမန်ထပ်ယူခဲ့ပြီး နိုဝင်ဘာလ ၉ ရက်နေ့ကို ရုံးချိန်းထပ်မံချိန်းဆိုခဲ့ကာ သက်ဆိုင်သူတွေကို ခေါ်ယူစစ်ဆေးတာတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။

“ဟုတ်ပါတယ်။ ဒီမနက်ပိုင်းကပဲ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲထားသူ ၁၇ ယောက်ကို တရားရုံးက ရမန်ထပ်ယူခဲ့တာပါ။”လို့ မင်းကင်းမြို့မရဲတပ်ဖွဲ့စခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မြင့်အောင်က ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေကို ပထမဆုံးအကြိမ် ရုံးထုတ်မယ်ဆိုတာနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “မနက်ဖြန် ၅၀၅(ခ) ၁၂မှု၊ လူ၂၀ ကိုတရားရုံးတင်ပါမယ်။ မျိုးချစ်များ ဝန်းရံပေးကြပါခင်ဗျား။ ခန့်မှန်း ၉:၃၀ ဖြစ်ပါတယ်။”လို့ တင်ခဲ့တဲ့အတွက် မင်းကင်း USDP ရုံးမှာ ရေလမ်း၊ ကုန်းလမ်းက လာရောက်သူတွေ အနည်းဆုံး ၇၀ ဦးလောက် စုဝေးတာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။ တောင်တွင်းဒေသက ကားတစ်စီး၊ မင်းကင်းမြစ်ရိုးအောက်ဖက်က စက်လှေတွေနှင့် မင်းကင်းအနီးအနားက ဆိုင်ကယ်နဲ့ လာသူတွေ ရှိခဲ့တယ်ပြီး အမျိုးသမီးတွေတော့ ပါဝင်တာမတွေ့ရဘူးလို့ မျက်မြင်တစ်ဦးက ပြောပါတယ်။ ရဲတပ်ဖွဲ့ကလည်း ရဲစခန်းနှင့် တရားရုံးတွေကို လုံခြုံရေးတိုးမြှင့်ထားတာ မြင်ရတယ်လို့လည်း မျက်မြင်က ပြောပါတယ်။

အမှုနဲ့ပတ်သက်လို့ တရားလိုပြသက်သေတွေကို ခေါ်ယူတာလည်း မရှိခဲ့ပါဘူး။ အခုလို လုပ်ဆောင်တာက တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းအရ လုပ်ဆောင်တာသာဖြစ်လို့ ပြောစရာမရှိဘူးလို့လည်း မင်းကင်းမြို့ NLD ဉပဒေအထောက်အကူပြုကော်မတီဉက္ကဌ ဦးကျော်မင်းထွဋ်က ပြောပါတယ်။

“ပြည်သူတွေက လုံခြုံရေးအရ စောင့်ကြည့်တာတွေ ရှိခဲ့တယ်။ တချို့ကတော့ အိမ်တွေပိတ်ထားကြတယ်။ ဟိုနားစုစု ဒီနားစုစု သွားတာမျိုးတော့ မရှိဘူး။ မြို့ကလည်း သေးတော့ ဘယ်နားဘာဖြစ်တယ်ဆိုတာ ချက်ချင်းသိနိုင်တယ်လေ။ တချို့ကားတစ်စီးနဲ့ NLD အလံထောင်ထားတဲ့အိမ်တွေ ဓာတ်ပုံရိုက်တာတွေလည်း ရှိတယ်။ ဒီနေ့ရုံးချိန်းဆိုပေမယ့် စစ်ဆေးတာမရှိဘဲ ရမန်ထပ်ယူတာကတော့ သူတို့ လုပ်ထုံးလုပ်နည်းအရ လုပ်တာပေါ့။ ပြောစရာမရှိပါဘူး။”လို့ မင်းကင်းမြို့ NLD ဉပဒေအထောက်အကူပြုကော်မတီဉက္ကဌ ဦးကျော်မင်းထွဋ်က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းကင်းမြို့နယ် တရားရုံးကိုတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

မင်းကင်းမြို့နယ်အတွင်း ရွေးကောက်ပွဲကာလမှာ ဘာသာရေး၊ လူမျိုရေး စတဲ့ အမုန်းတရားတွေပြန့်ပွားအောင် Bluetooth Speaker အသံချဲ့စက်စတာတွေအပြင် လူကိုယ်တိုင်ရွာတွင်း လှည့်လည်အော်ဟစ်တာတွေ ရှိခဲ့တာကြောင့် သက်သေတွေနဲ့တကွ မြို့နယ်စီမံခန့်ခွဲမှုကော်မတီကို တင်ပြလာတဲ့အတွက် သက်ဆိုင်ရာအဆင့်ဆင့်ကို တင်ပြပြီး သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်နဲ့ အခုလို တရားစွဲတာဖြစ်တယ်လို့ မင်းကင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းဗိုလ်က ပြောဆိုထားပါတယ်။ ဒါ့အပြင် နောက်ထပ်အနေနဲ့လည်း အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း ပြည်ခိုင်ဖြိုးပါတီကနေ ရွေးကောက်ပွဲဉပဒေပါ ကန့်သတ်တားမြစ်ချက်တွေကို ချိုးဖောက်ပြီး မဲဆွယ်စည်းရုံးတာတွေရှိလို့ အရေးယူပေးနိုင်ရန်အတွက်လည်း သီးသန့်အနေနဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားတာရှိပါတယ်။

အခုလက်ရှိ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုခံထားရတဲ့ သူတွေအတွက်လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အလှုခံရရှိငွေ ကျပ် ၄၃ သိန်း၊ ၃ သောင်း၊ တစ်ထောင်ကျပ် ရရှိထားတယ်လို့လည်း လှုဒါန်းသူတွေရဲ့ အလှုငွေထည့်ဝင်ငွေပမာဏ အမည်နဲ့တကွ ရေးသားဖော်ပြထားပါတယ်။ မင်းကင်းမြို့နယ်က ရွေးကောက်ပွဲမှာ ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိတဲ့ ဒေသတစ်ခုဖြစ်ပြီး လာမယ့်ရွေးကောက်ပွဲအတွက်လည်း အပြိုင်အဆိုင် စည်းရုံးလှုံ့ဆော်တာတွေ ရှိပါတယ်။ လက်ရှိမှာတော့ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မင်းကင်းမြို့နယ်အနေနဲ့ ပြည်ခိုင်ဖြိုးပါတီက ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး ၂ တို့ကို ရရှိထားပြီး အမျိုးသားလွှတ်တော်နှင့် တိုင်း ၁ နေရာကိုတော့ NLD ပါတီက အနိုင်ရရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ လာမယ့်ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ် ၁၂၅ နေရာစလုံးပြိုင်မယ့်ပါတီအနေနဲ့ အစောပိုင်းက NLD, USDP, UDP, UBP စတဲ့ နိုင်ငံရေးပါတီ ၄ ခု ရှိခဲပြီး နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကတော့ နိုင်ငံရေးပါတီအဖြစ်က ဖျက်သိမ်းခံလိုက်ရပြီဖြစ်ပါတယ်။ ဒါ့အပြင် USDP ပါတီက ကန့်ဘလူခရိုင် မဲဆန္ဒနယ်အမှတ် ၄ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်မောင်းကလည်း နိုင်ငံ့ဝန်ထမ်းဖြစ်နေသေးတာကြောင့် ကိုယ်စားလှယ်အရည်အချင်းသတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့အတွက် ကိုယ်စားလှယ်အဖြစ်က ပယ်ဖျက်ခံခဲ့ရပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာမှာလည်း အောက်တိုဘာလ ၂၂ ရက်နေ့က USDP ဝန်းရံသူတွေနှင့် ပြည်သူတချို့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး နေအိမ် ၂ လုံး ခဲနဲ့ထု ဖျက်ဆီးခံခဲ့ရသလို ဆိုင်ကယ် ၅ စီးပျက်စီးခဲ့ကာ ကိုဗစ်စစ်ဆေးရေးဂိတ်လည်း ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် လူ ၃ ဦးရိုက်နှက်ခံခဲ့ရပြီး NLD ဝန်းရံသူ အသက် ၃၈ နှစ်အရွယ် ဦးမျိုးဝင်းစိုးမှာ ဦးခေါင်းအရိုက်ခံခဲ့ရတဲ့ ဒဏ်ရာနဲ့ ဆေးကုသမှုခံယူရင်း သေဆုံးခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ကိုယ်တိုင်ကွင်းဆင်းကာ ပါဝင်ပတ်သက်သူအားလုံးကို ထိထိရောက်ရောက် အရေးယူဖို့ ညွှန်ကြားထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မဲဆွယ်စည်းရုံးရေးကာလအတွင်း NLD ပါတီဝန်းရံသူတချို့နှင့် USDP ပါတီဝင်တွေ ထိပ်တိုက်တွေ့တာတွေလည်း ရှိခဲ့ပြီး အမှုဖွင့်တာတွေလည်း ရှိခဲ့ပါတယ်။ မျက်မှောက်ခေတ် သတင်းဌာနက ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ မြင်းမူမြို့နယ်၊ ချောင်းဦးမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ပုလဲမြို့နယ်၊ မင်းကင်းမြို့နယ်၊ မုံရွာမြို့နယ်၊ ကန့်ဘလူမြို့နယ် တွေမှာလည်း ပါတီနှစ်ခုကြား အားပြိုင်မှုတွေရှိကာ တိုင်တန်းအမှုဖွင့်တာတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် NLD ပါတီဝန်းရံသူတွေနှင့် ခင်ဦးမြို့နယ်က အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီတို့လည်း ထိပ်တိုက်တွေ့မှုတွေ ရှိခဲ့ပါသေးတယ်။ ဒီအတွက် ပါတီခေါင်းဆောင် မိုက်ကယ်ကျော်မြင့်က NLD ပါတီရဲ့ ခေါင်းဆောင်တွေအနေနဲ့ တောင်းပန်ဖို့ လူမှုကွန်ရက်စာမျက်နှာကနေ ဗွီဒီယိုဖိုင်လွှင့်တင်ခဲ့တာကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ခင်ဦးမြို့နယ်မှာ တရားစွဲဆိုခံထားရပါတယ်။

စစ်ကိုင်းတိုင်းအတွင်း NLD နှင့် USDP တို့လောက် တခြားသောနိုင်ငံရေးပါတီတွေ၊ တသီးပုဂ္ဂလတွေကြားမှာ အားပြိုင်မှု မရှိတာကို လေ့လာတွေ့ရှိရပါတယ်။ USDP ပါတီကတော့ တိုင်းအတွင်း လက်ရှိဖြစ်ပေါ်ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ အောက်တိုဘာလ ၂၇ ရက်နေ့ နေ့လည် ၁ နာရီအချိန်မှာ ပါတီတိုင်းရုံးအတွင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

လက်ရှိမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုကလည်း တိုးပြီးဖြစ်ပွားနေဆဲဖြစ်ကာ ကန့်သတ်ချက်တွေကြောင့် စီးပွားရေး ဆုံးရှုံးနစ်နာမှုတွေလည်း ကြုံတွေ့နေကြရတာပါ။ ဒါ့အပြင် ပါတီကြီးနှစ်ခုရဲ့ အားပြိုင်မှုတွေကြောင့် နိုင်ငံရေးအခြေအနေဆိုးဆိုးဝါးဝါးဖြစ်ပွားလာမှာကိုလည်း ပြည်သူတွေကြားမှာ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

မကြာခင်ကျင်းပတော့မယ့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၂၇/၂၀၂၀ နဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တည်ဆဲဉပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်ရေးအတွက် အပိုဒ် ၄ ပိုဒ်ပါ အမိန့်စာတစ်စောင်ကို အောက်တိုဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မျက်မှောက်ခေတ်

error: Content is protected !!