Home > သတင်း > ကျန်းမာရေး > တမူးမြို့တွင် ပိုးတွေ့လူနာများလာလို့ နေရာတချို့ကို Stay At Home သတ်မှတ်

တမူးမြို့တွင် ပိုးတွေ့လူနာများလာလို့ နေရာတချို့ကို Stay At Home သတ်မှတ်

အိန္ဒိယ-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့မှာ ကိုဗစ် ၁၉ ရောဂါ ပိုးတွေ့ရှိတဲ့ မြို့မ (၁၂/က) ရပ်ကွက်နှင့် မြို့မ (၁၃) ရပ်ကွက်ကို အောက်တိုဘာလ ၂၅ ရက်နေ့ကစပြီး Stay At Home သတ်မှတ်လိုက်ကြောင်း တမူးခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသူရ လက်မှတ်နဲ့ ထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာတော့ တမူးမြို့ မြို့မ ၁၂(က) ရပ်ကွက်မှာ အောက်တိုဘာလ ၁၅ ရက်နေ့က ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် သူတို့နဲ့ ထိစပ်သူတွေကို စစ်ဆေးဆောင်ရွက်ခဲ့ရာ တမူးမြို့ (၁၂/က) ရပ်ကွက်နှင့် မြို့မ (၁၃) ရပ်ကွက်တို့မှာ အောက်တိုဘာလ ၂၁ ရက်နေ့က ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၅ ဦး၊ အောက်တိုဘာလ ၂၅ ရက်နေ့က မြို့မ ၁၃ ရပ်ကွက်မှ ကိုဗစ်ရောဂါပိုးတွေသူ ၂ ဦး ထပ်မံတွေ့ရှိခဲ့တာပါ။

“မြို့မ (၁၂/က) ရပ်ကွက်နှင့် မြို့မ (၁၃) ရပ်ကွက်မှာ ရောဂါပိုး ဆက်တိုက်တွေ့နေရတာ။ အခုဆိုရင် ရောဂါပိုးတွေ့ရှိသူ ၈ ယောက်ရှိနေပြီ။ ဒါကြောင့် ထိန်းချုပ်တဲ့အနေနဲ့ Stay at home သတ်မှတ်လိုက်တာ။ Stay at home ကာလကိုတော့ အချိန်အတိုင်းတာမသတ်မှတ်ပေမယ့် လူနာအသစ်ထပ်တိုး၊ မတိုးအပေါ်မူတည်ပြီး ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။”လို့ တမူးခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသူရက ပြောပါတယ်။

ဒါကြောင့် လူနာတွေ့ရှိမှု အချိန်တိုကာလအတွင်း များပြားလာတဲ့အတွက် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရေး တမူးမြို့ မြို့မ (၁၂/က) ရပ်ကွက်နှင့် မြို့မ (၁၃) ရပ်ကွက်မှာ နေထိုင်တဲ့ပြည်သူများအနေနဲ့ မိမိနေအိမ်မှာ နေထိုင်ဖို (Stay At Home) လိုအပ်တဲ့အတွက် မြို့မ (၁၂/က) ရပ်ကွက်နှင့် မြို့မ (၁၃) ရပ်ကွက်မှာ နေထိုင်တဲ့ ပြည်သူများအနေနဲ့ နေအိမ်မှာ နေထိုင်ရေး (Stay At Home) အစီအစဉ်မှာ အကျုံးဝင်ကြောင်း ကြေညာထားပါတယ်။

ဒါ့အပြင် Stay At Home ကာလအတွင်း မဖြစ်မနေ စျေးဝယ်ရန်အတွက် တစ်အိမ်ကို တစ်ဦးသာ သွားရောက်ရန်၊ ဆေးရုံ၊ ဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ်ကို နှစ်ဦးသား သွားရောက်ရန်၊ နေအိမ်ပြင်ပသို့ သွားလာရင် ပါးစပ်/နှာခေါင်းစည်း (Mask တပ်ရန်)၊ တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာသူများကို ပို့ဆောင်မယ့်ယာဉ်တွေနဲ့ ဖြတ်သန်းခွင့်ပြုထားတဲ့ ယာဉ်တွေကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့် ပြုရန်၊ ရပ်ကွက်အတွင်း စျေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်မှာ ၁ ဦး၊ ဆေးရုံ၊ ဆေးခန်း သွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်မှာ ၂ ဦးသာ သွားရောက်ရန် သတ်မှတ်ထားခြင်းဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီအမိန့်ဟာ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၈ နာရီအချိန်မှစတင် သက်ရောက်တယ်လို့လည်း သိရပါတယ်။

တမူးမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၈ ဦးရှိပြီး တမူးမြို့ ပြည်သူ့ဆေးရုံမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးထားကာ ကျန်းမာရေးကောင်းမွန်တယ်လို့လည်း သိရပါတယ်။

ရောဂါပိုးတွေ့လူနာတွေဖြစ်တဲ့ တမူးမြို့ မြို့မရပ်ကွက် ၁၂(က) အပိုင်းနှင့် မြို့မ ၁၃ အပိုင်းကို Stay at Home ချဖို့ အောက်တိုဘာလ ၂၃ ရက်နေ့က တိုင်းအစိုးရထံ တင်ပြခဲ့တယ်လိုလည်း သိရပါတယ်။ ဒါ့အပြင် တမူးမြို့မှာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားတဲ့အမိန့်ကို မလိုက်နာဘဲ နယ်စပ်ဖြတ်ကျော်သွားလာသူ ၁၀ ဦးထက်မနည်းကို အရေးယူထားတယ်လို့လည်း သိရပါတယ်။ အခုလက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မြို့နယ် ၂၅ မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၃၀၂ ဦးရှိပြီး ဆေးရုံကနေ ဆင်းခွင့်ရသူ ၂၃၆ ဦးအထိရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းမြို့နယ်က အမျိုးသားတစ်ဦးဟာ အသည်းခြောက်ရောဂါဖြစ်လို့ မန္တလေးဆေးရုံမှာ သွားရောက်ဆေးပြပြီး Swab နမူနာရယူစစ်တဲ့အခါ ရောဂါပိုးတွေ့ကာ ဒီကနေ့ မနက်ပိုင်းမှာ သေဆုံးသွားတယ်လို့လည်း သိရပါတယ်။ နောက်ဆုံးရရှိတဲ့သတင်းအရ အသက် ၁ လခွဲခန့်သာ ရှိသေးတဲ့ စစ်ကိုင်းတိုင်းရဲ့ အသက်အငယ်ဆုံး ကိုဗစ်လူနာကလေးငယ်ကိုလည်း အောက်တိုဘာလ ၂၅ ရက်နေ့က ကသာမြို့မှာ တွေ့ရှိခဲ့ပါသေးတယ်။

ပိုတေး

error: Content is protected !!