စစ်ကိုင်းတိုင်းဒေသကြီး အိန္ဒိယ-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့မှာ အောက်တိုဘာလ ၂၅ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်က အနံ့မရသူနှစ်ဦး ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ တမူးခရိုင် ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
အဲဒီပိုးတွေ့လူနာနှစ်ဦးက အနံ့မရလို့ တမူးမြို့ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့ပြီး Test Kit နဲ့စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။
“သူတို့နှစ်ယောက်က ခရီးသွားရာဇဝင်တော့ မရှိဘူး။ ဘယ်ကနေ ထိတွေ့တာလဲ သေချာမသိရဘူး။ အနံ့မရလို့ ဆေးရုံလာပြရင်း စစ်ကြည့်တော့မှ ရောဂါပိုးတွေ့တာ။ ကျန်းမာရေးလဲကောင်းတယ်။ အခုတမူးမြို့ဆေးရုံမှာ ထားရှိထားပါတယ်။”လို့ တမူးခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူရက ပြောပါတယ်။
အဲဒီပိုးတွေ့လူနာဟာ လင်းမယာဖြစ်ပြီး တမူးမြို့ မြို့မရပ်ကွက် မြို့မ ၁၃ မှာ နေထိုင်သူတွေ ဖြစ်ပါတယ်။ တမူးမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၈ ဦးရှိပြီး သူတို့ကို တမူးမြို့ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုပေးနေကာ ကျန်းမာရေးကောင်းမွန်တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးကနေ ပြန်လည်ရောက်ရှိလာကြပြီး Quarantine စောင့်ကြည့်ထားရှိတဲ့ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်က ၂ ဦး၊ ဝက်လက်မြို့နယ်က ၂ ဦး၊ ချောင်းဦးမြို့နယ်က ၂ ဦး၊ စုစုပေါင်း ၆ ဦးမှာ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက ရောဂါပိုးတွေ့ရှိခဲ့တယ်လို့လည်း စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီက ထုတ်ပြန်ချက်အရ သိရပါတယ်။ ရောဂါပိုးတွေ့လူနာတွေဖြစ်တဲ့ တမူးမြို့ မြို့မရပ်ကွက် ၁၂(က) အပိုင်းနဲ့မြို့မ ၁၃ အပိုင်းကို Stay at Home ချဖို့ အောက်တိုဘာလ ၂၃ ရက်နေ့က တိုင်းအစိုးရထံ တင်ပြထားတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် တမူးမြို့မှာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားတဲ့အမိန့်ကို လိုက်နာမှုမရှိသူ ၁၀ ဦးထက်မနည်းကို ဉပဒေအရ အရေးယူထားတယ်လို့လည်း သိရပါတယ်။
အခုလက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မြို့နယ် ၂၅ မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၂၉၉ ဦးရှိပြီး ဆေးရုံကနေ ဆင်းခွင့်ရသူ ၂၃၆ ဦးအထိရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီကနေ့ ညနေပိုင်းက ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် စစ်ကိုင်းမြို့နယ်က အမျိုးသားတစ်ဦးဟာ အသည်းခြောက်ရောဂါဖြစ်လို့ မန္တလေးဆေးရုံမှာ သွားရောက်ဆေးပြပြီး Swab နမူနာရယူစစ်တဲ့အခါ ရောဂါပိုးတွေ့လို့ ကုသမှုခံယူနေရင်း သေဆုံးသွားတယ်လို့လည်း သိရပါတယ်။
ပိုတေး