စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်မှာ အောက်တိုဘာလ ၂၃ ရက်နေ့ကနေ စတင်ကာ ဥရုချောင်းရေ မြင့်တက်နေတာကြောင့် လူဦးရေ ၄၀၀ ရေဘေးသင့်နေတယ်လို့ ခန္တီးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက တာဝန်ရှိသူက ပြောပါတယ်။ ချောင်းအထက်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် ဟုမ္မလင်းမြို့နယ်အတွင်းရှိ ဉရုချောင်းတစ်လျှောက်က ကျေးရွာအုပ်စု ၈ အုပ်စုအတွင်းမှာရှိတဲ့ အိမ်ထောင်စု ၅၈၁ စုနဲ့ လူဦးရေ ၂၇၄၅ ဦး ရေဘေးသင့်ခဲ့ပြီး အောက်တိုဘာလ ၂၄ ရက်နေ့ ညနေပိုင်းကနေစတင်ကာ အိမ်ထောင်စု ၇၄ စုနဲ့လူဦးရေ ၄၀၀ ဦးမှာ ရေလွတ်ရာကို ပြောင်းရွှေ့ နေထိုင်နေကြရတာပါ။
“လူဦးရေ ၄၀၀ လောက်ကတော့ ရေးဘေးလွှတ်ရာကို မနေ့ကနေစပြီး ပြောင်းရွှေ့တာပါ။ အများစုကတော့ စာသက်ကျောင်းတွေမှာ ပြောင်းရွှေ့နေထိုင်ကြတယ်။ တချို့ကတော့ ဘုန်းကြီးကျောင်းမှာ ပြောင်းရွှေ့နေထိုင်ကြတယ်။ မိုးတအားများတော့ ဥရုချောင်းရေများသွားတာကြောင့်ပါ။ ရေဝင်တာက ကျေးရွာအုပ်စု ၈ စုရှိတယ်။ အဲထဲမှာ ကျေးရွာ ၁၂ ရွာရှိတယ်။ ဒီနေ့မနက်ကတော့ ရေပြန်ကျနေပါပြီ။”လို့ ခန္တီးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးခန့်လင်းထွဋ်က ပြောပါတယ်။
ဥရုချောင်းရေတိုးပြီး ရေဝင်ရောက်ခဲ့တဲ့ကျေးရွာအုပ်စု ၈ စုမှာ မိုင်းကိုင်း၊ နောင်ပိုအောင်၊ လောင်ဖောင်၊ နောင်စမ်း၊ ဟဲခမ်း၊ နောင်တော၊ မာလုံနှင့် မိုင်းဝယ် စတဲ့ကျေးရွာအုပ်စုတွေ ဖြစ်ပါတယ်။
ရေဘေးသင့်ပြည်သူတွေကို ခန္တီးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကနေ လူတစ်ယောက်ကို ဆန်ရိက္ခာဖိုး ငွေကျပ် ၂၁၀၀၊ Mask ၂ ခုနှင့် တစ်အိမ်ထောင်ကို ဆပ်ပြာ ၁ ထောင့်တို့ကို ထောက်ပံ့ပေးသွားမယ်လို့လည်း သိရပါတယ်။
ဉရုချောင်းရေက နှစ်ပေါင်း ၂၀ အတွင်း အဆိုးဝါးဆုံး ရေကြီးရေလျှံမှုဖြစ်တာလို့ ဒေသခံတွေက ပြောဆိုကြသလို ချောင်းတစ်လျှောက်က စိုက်ခင်းတွေလည်း ရေနစ်မြုပ်ပျက်စီးကာ ဒေသခံဦးရေ သောင်းနဲ့ချီပြီးတော့လည်း ရေဘေးသင့်တယ်လို့ ဆိုပါတယ်။
ဉရုချောင်းရေးမြင့်တက်လာတဲ့အတွက် ချင်းတွင်းမြစ်ရေဟာလည်း ဟုမ္မလင်းမြို့၊ ဖောင်းပြင်နှင့် မော်လိုက်စတဲ့မြို့တွေမှာ စိုးရိမ်ရေအမှတ်တွေ အသီးသီး ရောက်ရှိနိုင်ပြီး မြစ်ကမ်းအနီးနေထိုင်ကြသူတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ကိုလည်း မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ပိုတေး