Home > သတင်း > တိုင်းရင်းသားကဏ္ဍ > ဟုမ္မလင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုတာ၊ ရေလျှံတာတွေ ဖြစ်ပေါ်နေ

ဟုမ္မလင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုတာ၊ ရေလျှံတာတွေ ဖြစ်ပေါ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ဟုမ္မလင်းမြို့နဲ့တဖက်ကမ်းရှိ ကက်သာကျေးရွာမှာ အောက်တိုဘာလ ၂၃ ရက်နေ့ နေ့လည်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပြိုပြီး နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကက်သာရွာအုပ်ချုပ်ရေးမှူး ဦးဟန်နိုင်ဝင်းက ပြောပါတယ်။

တောင်ပြိုကျမှုကြောင့် ၃ ပေပတ်လည်နေအိမ်တစ်လုံးနှင့် ၄ ပေပတ်လည်ရှိတဲ့ နေအိမ်တစ်လုံးတို့ ထိခိုက်ပျက်စီးခဲ့ပြီး လူနဲ့တိရစ္ဆာန်ထိခိုက်မှုမရှိဘူးလို့လည်း သိရပါတယ်။

“ဒီနေ့ နေ့လည်ပိုင်းလောက်က ဖြစ်တာပါ။ အဓိကတော့ မိုးတအားရွာလို့ဖြစ်တာ။ အိမ်ကလဲ တောင်ခြေရင်းမှာရှိတာ။ တောင်ပြိုတော့ ၃ ပေပတ်လည်နေအိမ်ကတော့ အရှေ့ယိုင်သွားတယ်။ အဲဒီအိမ်က ဖျက်ရမယ်။ ၄ ပေပတ်လည်နေအိမ်ကတော့ နောက်ဘက်ကပျဉ်ကာတွေ ပျက်စီးခဲ့တာ။ ဆုံးရှုံးမှုကတော့ ၅ သိန်းလောက်ပဲရှိတယ်။”လို့ ဦးဟန်နိုင်ဝင်းကပြောပါတယ်။

တောင်ပြိုကျတာကြောင့် နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးတဲ့အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံ တင်ပြထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း ကက်သာကျေးရွာမှာ အထက်တန်းကျောင်းဝင်းအတွင်းမှာရှိတဲ့ ယာယီကျောင်းဆောင်တစ်ခု ပြိုကျမှုဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

ကက်သာကျေးရွာမှာ တောင်ပြိုပြီး အိမ်နှစ်လုံးပျက်စီးခဲ့တဲ့အတွက် ခန္တီးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ထောင်စုတစ်စုကို ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုး၊ အိမ်ရွှေ့ပြောင်းစရိတ် ငွေကျပ် ၁ သိန်းနှုန်း၊ လူတစ်ဦးအတွက် ဆန်ရိက္ခာဖိုး ငွေကျပ် ၂၁၀၀ နှုန်းစီ ထောက်ပံ့ပေးသွားမယ်လို့လည်း ခန္တီးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးအရာရှိ ဦးခန့်လင်းထွဋ်က ပြောပါတယ်။

ဒါ့အပြင် အခုရက်ပိုင်းအတွင်း ချင်းတွင်းမြစ်အထက်ပိုင်းနှင့် ဉရုချောင်းအထက်ပိုင်းမှာ နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာရွာသွန်းနေတဲ့အတွက် ဟုမ္မလင်းမြို့နယ် နမ့်တော၊ နံ့သာအုပ်စု၊ ဟဲပတ်အုပ်စု၊ ညောင်ကုန်းအုပ်စု၊ ခဲနန်းရွာ စတဲ့ကျေးရွာတွေက လူနေအိမ်တွေမှာ ရေဝင်တာတွေဖြစ်ပေါင်းနေပြီး နှစ်ပေါင်း ၂၀ အတွင်း အဆိုးဆုံးအခြေအနေကြုံတွေ့နေကြရတာပါ။

ချင်းတွင်းမြစ်အထက်ပိုင်းမှာ မိုးအဆက်မပြတ်ရွာသွန်းနေတဲ့အတွက် မြစ်ရေကြီးမယ့် သတိပေးချက်တွေကိုလည်း အောက်တိုဘာလ ၂၄ ရက်နေ့က မိုးဇလက သတိပေးချက်ထုတ်ပြန်ထားပါတယ်။ နောက် ၂ရက်အတွင်း ချင်းတွင်းမြစ်အထက်ပိုင်းက ဟုမ္မလင်း၊ ဖောင်းပြင်မြို့တွေမှာ စိုးရိမ်ရေအမှတ်ရောက်ရှိနိုင်သလို နောက် ၃ ရက်အတွင်း မော်လိုက်မြို့ရဲ့ စိုးရိမ်ရေအမှတ်ရောက်ရှိနိုင်တဲ့အတွက် မြစ်ကမ်းဘေးနေထိုင်သူတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ကိုလည်း သတိပေးထားပါတယ်။

ပိုတေး

error: Content is protected !!