Home > သတင်း > တိုင်းရင်းသားကဏ္ဍ > ချင်းပြည်နယ်တွင် ဒုတိယအကြိမ် မဲစာရင်းကြေညာခဲ့ရာ မဲစာရင်းလာရောက်ကြည့်ရှု့သူ ၄ သောင်းကျော်ရှိ

ချင်းပြည်နယ်တွင် ဒုတိယအကြိမ် မဲစာရင်းကြေညာခဲ့ရာ မဲစာရင်းလာရောက်ကြည့်ရှု့သူ ၄ သောင်းကျော်ရှိ

ချင်းပြည်နယ်မှာ ဒုတိယအကြိမ် ၁၄ ရက်တာအကြာ မဲစာရင်းကြေညာခဲ့ရာ ပြည်နယ်တွင်း ၉ မြို့နယ်မှာ မဲစာရင်းလာရောက်ကြည့်ရှု့သူ ၄ သောင်းကျော်ရှိတယ်လို့ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တာဝန်ရှိသူက ပြောပါပါတယ်။ ချင်းပြည်နယ်မှာ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ၁၄ ရက်နေ့အထိ ဒုတိယအကြိမ် မဲစာရင်းကြေညာခဲ့ရာ ပုံစံ ၃ နဲ့လျှောက်ထားသူ ၂၃၆၃ ဦး၊ ပုံစံ ၄ နဲ့ ကန့်ကွက်သူ ၂၂၃၃ ဦး၊ ပုံစံ ၄(ဂ) နဲ့ ပြင်ဆင်သူ ၁၁၆၂ ဦးနှင့် မဲစာရင်းလာရောက်ကြည့်ရှု့သူ ၄၂၀၈၂ ဦးရှိတယ်လို့လည်း ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး စာရင်းတွေအရ သိရပါတယ်။

“ပထမအကြိမ်မဲစာရင်းထက် ဒုတိယအကြိမ်မဲစာရင်းကြည့်ရှု့သူက တိုးလာတာတော့မရှိပါဘူး။ ပထမအကြိမ် မဲစာရင်းကြည့်ရှု့သူထက် လျော့နည်းသွားတယ်။ ပထမအကြိမ်မဲစာရင်းမှာ ကြည့်ရှု့ပြီးသားတွေဖြစ်နေတော့လေ။ Online ကနေ မဲစာရင်းကြည့်တဲ့သူကလဲ များနေတယ်။ အဲဒီကကြည့်တဲ့သူများပြီး မဲရုံတွေမှာ လာရောက်ကြည့်တဲ့သူက နည်းသွားတယ်။”လို့ ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဦးစီးအရာရှိ ဦးဖေကီးက ပြောပါတယ်။

ချင်းပြည်နယ်မှာ ပထမအကြိမ် သြဂုတ်လ ၂၅ ရက်နေ့ကနေ ၂၁ ရက်အကြာ မဲစာရင်းကြေညာခဲ့ရာ မဲဆန္ဒရှင်ဦးရေ ၃၄၂၁၄၂ ဦးရှိပြီး ယခုအခါအောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၄ ရက်အထိ ဒုတိယအကြိမ် မဲစာရင်းကပ်ကြေညာရာ ၃၃၁၆၉၈ ဦးရှိကာ မဲပေးဦးရေ ၁ သောင်းကျော် လျှော့နည်းသွားတယ်လို့လည်း သိရပါတယ်။ မဲဆန္ဒရှင်လျော့နည်းသွားတာက တိုက်ပွဲကြောင့် နေရပ်စွန့်ခွာသွားတာတွေကြောင့်လည်း ရှိနေသလို ရွှေ့ပြောင်းလုပ်သားတွေကြောင့်လည်း ဖြစ်တယ်လို့ သိရပါတယ်။ လာမယ့်အထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်း ဆန္ဒမဲပေးခွင့်ရှိသူ ၃၄၆၁၄၂ ဦးရှိပြီး မဲရုံပေါင်း ၁၀၉၆ ရုံ ဖွင့်လှစ်ဖို့ လျာထားတယ်လို့လည်း သိရပါတယ်။ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်း နိုင်ငံရေးပါတီ ၁၁ ပါတီဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ချင်းတိုင်းရင်းသားများပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ခူမီး(ခမီး)အမျိုးသားပါတီ၊ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့ပါတီနှင့် တစ်သီးပုဂ္ဂလ ၁၇ ဦးတို့ဖြစ်ပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ ချင်းပြည်နယ်က ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၇၂ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြည်သူ့လွှတ်တော်နေရာအတွက် ၄၀ ဦး၊အမျိူးသားလွှတ်တော်နေရာအတွက် ၅၂ ဦးနှင့် ပြည်နယ်လွှတ်တော်နေရာအတွက် ၈၀ ဦးတို့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်က တစ်သီးပုဂ္ဂလ ၈ ဦးပါအဝင် နိုင်ငံရေးပါတီ ၁၃ ပါတီက ကိုယ်စားလှယ်လောင်း ၂၀၂ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ပိုတေး

error: Content is protected !!