Home > သတင်း > စီးပွားရေး > တမူးမြို့တွင် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကထုတ်ပြန်ထားတဲ့အမိန့် မလိုက်နာသူ ၅ ဦး အရေးယူ

တမူးမြို့တွင် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကထုတ်ပြန်ထားတဲ့အမိန့် မလိုက်နာသူ ၅ ဦး အရေးယူ

စစ်ကိုင်းတိုင်းဒေသကြီး၊ အိန္ဒိ-မြန်မာနယ်စပ် တမူးမြို့မှာ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကထုတ်ပြန်ထားတဲ့အမိန့် မလိုက်နာသူ ၅ ဦးကို အောက်တိုဘာလ ၁၉ ရက်နေ့က မြို့နယ်တရားရုံးကနေ ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ မြို့နယ်တရားရုံးကနေ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကထုတ်ပြန်ထားတဲ့အမိန့် မလိုက်နာသူ ၅ ဦးထဲက ၂ နှစ်ဦးကိုတော့ အသက်မပြည့်သေးတဲ့အတွက် တစ်နှစ်ခံဝန်လက်မှတ်နဲ့ မိဘတွေထံပြန်အပ်နှံခဲ့ပြီး ကျန် ၃ ဦးကိုတော့ ထောင်ဒဏ် (၆) လစီ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

“အိန္ဒိယနိုင်ငံဘက်ကို ကုန်စည်ကူးသန်းသွားလာမလုပ်ဖို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားထားတာကိုး။ အဲဒါကို သူတို့ကသွားတာ။ သွားတော့ ပစ္စည်းတွေနဲ့အတူမိတာ။ အဲဒီအတွက် သူတို့ကိုအရေးယူတာပါ။”လို့ တမူးမြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းလွင်က ပြောပါတယ်။

အောက်တိုဘာလ ၁၂ ရက်နေ့ ညပိုင်းက မြန်မာ -အိန္ဒိယ နယ်နမိတ်တစ်လျောက် တရားမဝင် ကုန်ပစ္စည်းများ ဖြတ်သန်းမှုမရှိစေရေး ဆောင်ရွက်လျက်ရှိတဲ့ ပူးပေါင်းအဖွဲ့က တမူးမြို့ မြို့မ (၁၄-၁)ရပ်ကွက်နှင့် တရားမဝင် တောလမ်းအတိုင်း မနင်ပီး(ခ)သဲသဲ၊ ထန်းဂိုလ်၊ ခိုင်ရဲမ် တို့ကို တရားမဝင်သယ်ဆောင်လာတဲ့ ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။ ဒါ့အပြင် လင်ဂိုလာလ် ၊မနင်ခိုတင်(ခ)စနိုး တို့ဆီကနေလည်း တရားမဝင် သယ်ဆောင်လာတဲ့ ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့သေးတယ်လို့ တမူးမြို့မရဲစခန်းက သိရပါတယ်။  အဲဒီ ၅ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ၃၀(က) အရ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ် တိုင်တန်းခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

နောက်ထပ်လည်း အမိန့်ညွှန်ကြားချက်မလိုက်နာဘဲ တရားမဝင်နယ်စပ်ဖြတ်ကျော်နေတဲ့သူတွေကို ဖမ်းဆီးရမိထားတာတွေ ရှိနေပြီး အမှုဖွင့်အရေးယူဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ အိန္ဒိယ-မြန်မာနယ်စပ်ကို ဖြတ်သန်းပြီး တရားမဝင် ဝင်ထွက်သွားလာနေတာကို တားမြစ်ပိတ်ပင်ထားပြီး ဖောက်ဖျက်သူကို တည်ဆဲဉပဒေနဲ့အညီ အရေးယူမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ အောက်တိုဘာလ ၉ ရက်နေ့က အမိန့်ထုတ်ပြန်ထားတာပါ။

စစ်ကိုင်းတိုင်းဒေသကြီး လေရှီး၊ လဟယ်၊ နန်းယွန်းနှင့် တမူးမြို့နယ်တွေက အိန္ဒိယနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ရပ်ကွက်၊ ကျေးရွာအုပ်စုတွေကနေ တရားဝင် ပြန်လည်ဖွင့်လှစ်ခြင်း မပြုမီအချိန်အထိ မည်သူမဆို မြန်မာ-အိန္ဒိယနယ်စပ်ကို ဖြတ်သန်းပြီး တရားမဝင် ဝင်ထွက်သွားလာတာ၊ ကုန်စည်သယ်ယူပို့ဆောင်တာတွေ မပြုလုပ်ဖို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က တားမြစ်လိုက်တာပါ။ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်သူတွေကို သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒေသန္တရအမိန့်က နောက်ထပ်အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသရွေ့ အတည်ဖြစ်စေရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သူရိယထက်

error: Content is protected !!