Home > သတင်း > ဒေသတွင်းသတင်း > မုံရွာမြို့တွင် ပလပ်စတစ်မှ လောင်စာတောင့် ထုတ်လုပ်နိုင်ရေး ဂျပန်နိုင်ငံနဲ့ ညှိနှိုင်းနေ

မုံရွာမြို့တွင် ပလပ်စတစ်မှ လောင်စာတောင့် ထုတ်လုပ်နိုင်ရေး ဂျပန်နိုင်ငံနဲ့ ညှိနှိုင်းနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ကာဗွန်လျော့ချနိုင်ရေးအတွက် ပလပ်စတစ်စွန့်ပစ်အမှိုက်တွေကနေ လောင်စာတောင့် ထုတ်လုပ်နိုင်ရေး ဂျပန်နိုင်ငံနဲ့ ညှိနှိုင်း ချိတ်ဆက်ဆောင်ရွက်နေ‌တယ်လို့ မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့က သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဂျပန်နိုင်ငံ၊ ဖူကူရှီးမားမြို့တို့ မိတ်ဖက်မြို့အဖြစ် ဆောင်ရွက်နေသလို ပူးပေါင်းဆောင်ရွက်မှုအဖြစ် ပလပ်စတစ်ကနေ လောင်စာတောင့် ထုတ်လုပ်နိုင်ရေးအတွက် ဆွေးနွေးနေတာဖြစ်ပါတယ်။

“စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ဂျပန်နိုင်ငံ၊ ဖူကူးရှီးမားမြို့က Partnership လုပ်ပြီးတော့ ဂျပန်နိုင်ငံဘက်က Fujita ကုမ္ပဏီက တာဝန်ယူပြီး ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၁ (၃) နှစ် စီမံချက်နဲ့ ဆောင်ရွက်နေတာပါ။ ဒါပေမဲ့ စီမံကိန်း ဒုတိယနှစ်မှာဘဲ ကိုဗစ်ကြောင့် ကာဗွန်လျော့ချရေးအတွက်လုပ်မဲ့ Project က ခဏရပ်တန့်နေတဲ့အချိန်မှာ Fujita ကုမ္ပဏီက အမှိုက်မှာပါတဲ့ ပလပ်စတစ်တွေကို သီးသန့် ဖယ်ထုတ်ပြီး လောင်စာတောင့်လုပ်မယ်။ စွမ်းအင်ထုတ်မယ်။ ပြီးတော့မှ လျှပ်စစ်ထုတ်မယ်။ စီမံကိန်းကို proposal တင်တယ်။ အဲဒီစီမံကိန်းက ထပ်ရတယ်။ အခုအနေထားကတော့ ဆွေး‌နွေးနေတဲ့ အနေအထားဘဲ ရှိပါသေးတယ်။ ဆွေးနွေးနေတဲ့အချိန်မှာ အမှိုက်မှာ ပါဝင်တဲ့ပစ္စည်းတွေ ဘယ်နှစ်မျိုးပါတယ်။ ပလပ်စတစ် ဘယ်လောက်ရာခိုင်နှုန်းပါတယ်။ ရိုးရိုးအမှိုက် ဘာတွေပါတယ်။ မီးဖိုချောင်သုံး အမှိုက်၊ ဟင်းသီးဟင်းရွက်အမှိုက်၊ ပလက်စတစ်ဗူးခွံတွေ၊ သတ္တူတွေ၊ စက္ကူတွေ၊ သစ်တိုသစ်စတွေ ဘယ်လောက်ရာခိုင်နှုန်းပါတယ် ဆိုတာတွေကို Sharing ပြန်လုပ်မှာပေါ့။ အဲဒါ အတွက်ကို အဓိက ဆွေးနွေးနေတယ်။”လို့ မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းက ပြောပါတယ်။

စီမံကိန်းဆောင်ရွက်နိုင်ရေးအတွက် Fujita ကုမ္ပဏီက တခြားကုမ္ပဏီတစ်ခုကို ကမ်းလှမ်းထားကာ အဲဒီကုမ္ပဏီက မုံရွာမြို့ကို လာရောက်ပြီး နေ့စဉ်စွန့်ပစ်နေတဲ့ အမှိုက်တွေကို အမျိုးအစားအလိုက် ခွဲခြမ်းစိတ်ဖြာတာတွေ လုပ်မှာဖြစ်ပါတယ်။ ပြီးရင်တော့ လောင်စာတောင့်ထုတ်လုပ်နိုင်ရေး ဆက် လက်ဆွေး‌နွေးသွားမည်ဖြစ်ပေမယ့် Covid-19 ကူးစက်ရောဂါကြောင့် လာရောက်နိုင်ခြင်း မရှိသေးဘူးလို့လည်း ဆိုပါတယ်။

“Fujita ကုမ္မဏီကနေပြီးတော့ ကုမ္ပဏီတစ်ခုကို ပြန်ပြီးတော့ကမ်းလှမ်းထားတယ်။ အဲဒီကုမ္ပဏီက မုံရွာကို လာပြီးတော့ ကျွန်တော်တို့ နေ့စဉ်စွန့်ပစ်နေတဲ့ အမှိုက်တွေထဲမှာပါဝင်တဲ့ အမျိုးအစားတွေကို တစ်နေရာမှာ စုပုံပြီးတော့ အဲဒီထဲမှာ ဘာတွေပါလဲဆိုတာ လာရွေးမှာပါ။ အဲဒီလို လာရွေးပြီးတော့မှ ပလပ်စတစ်က ဘယ်လောက်ပါတယ်။ ဘယ်အမျိုးအစားက ဘယ်လောက်ပါတယ် စတဲ့အနေအထားအပေါ်မူတည်ပြီးတော့မှ ပလပ်စတစ်ကို ဘယ်လိုခွဲမယ်။ လောင်စာတောင့်ကို ဘယ်လိုလုပ်မယ်။ ဘယ်ပစ္စည်းတွေပေါင်းလုပ်မယ် ဆိုတာ ပြန်ပြီးတော့ ရွေးရမှာပါ။ လုပ်ငန်းတွေစတင်နိုင်ဖို့ကတော့ လက်ရှိဖြစ်နေတဲ့ ကိုဗစ်ပေါ်မှာ မူတည်နေတယ်။ သူတို့က လာလို့ရတာနဲ့ သူတို့လာပြီး အမှိုက်တွေကို ခွဲခြားစိတ်ဖြာပြီး ကျွန်တော်တို့နဲ့ ဆက်လက် ဆွေးနွေးသွားမှာပါ။”လို့လည်း ဦးထွန်းထွန်းက ပြောပါတယ်။

ပလပ်စတစ်ကနေ လောင်စာတောင့်ပြုလုပ်နိုင်ရေးအတွက် အမှိုက်အမျိုးအစားခွဲခြားနိုင်ရေး မုံရွာမြို့၊ ‌ဒေါနခြံရပ်ကွက်ရှိ အမှိုက်တဆင့်ခံ ရွှေ့ပြောင်းတဲ့နေရာနှင့် မြို့ပတ်လမ်းရှိ စည်ပင် သာယာရေးအဖွဲ့ပိုင် မြေနေရာတို့မှာ ဆောင်ရွက်ဖို့လျာထားကာ အမှိုက်အမျိုးအစား ရွေးမယ့် သန့်ရှင်းရေးဝန်ထမ်းတွေနှင့် အမှိုက်များချိန်တွယ်နိုင်ရန် ကတ္တားတွေကို စည်ပင်သာယာရေးကော်မတီဖက် ဆောင်ရွက်ပေးမှာလည်း ဖြစ်ပါတယ်။ ပလပ်စတစ်ကို Recycle အနေနဲ့ ပြန်လည်အသုံးပြုမယ့် လောင်စာတောင့် ထုတ်လုပ်တဲ့ စီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရေးကို အထောက်အကူပြုမှာဖြစ်သလို မြို့သန့်ရှင်သာယာလှပရေးကိုလည်း အထောက်အကူပြုလာမှာဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း အမှိုက်ကို စနစ်တကျ ခွဲခြားစွန့်ပစ်တဲ့နည်းနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။ မုံရွာမြို့တွင် ရပ်ကွက် (၃၁) ရပ်ကွက် ရှိသည့်အနက် (၂၈) ရပ်ကွက်တွင် အမှိုက်သိမ်းဆည်းရေး လုပ်ငန်းများကို ခေါင်းလောင်းတီးအမှိုက်သိမ်းခြင်း၊ ဆေးရုံဆေးခန်းအမှိုက်သိမ်းခြင်း၊ စျေးအမှိုက်သိမ်းခြင်း၊ စီးပွားရေးအမှိုက်သိမ်းခြင်းများကို နေ့စဉ်‌ကားအစီး(၃၀)ကျော်ဖြင့် အမှိုက်တန်ချိန် (၁၈၆) တန်မှ တန် (၂၀၀) ကြားကို မြို့နဲ့ (၈) မိုင်ခန့်ကွာဝေးတဲ့ ကိုင်းတော အမှိုက်ကျင်းမှာ စွန့်ပစ်နေပါတယ်။ မြို့နယ်စည်ပင်သာယာရေးကော်မတီအနေနဲ့အရင်ကထက် အမှိုက်သိမ်းစနစ်ကို ကောင်းမွန်တိုးတက်‌အောင် လုပ်ဆောင်လာနေပေမယ့် မြို့ထဲပိုင်းကျတဲ့ တချို့ရပ်ကွက်တွေမှာတောင် ၄ လ၊ ၅ လ နေလို့ အမှိုက်ကား မလာတဲ့အတွက် အမှိုက်ပစ်ဖို့ရာမှာ အခက်အခဲတွေလည်း ရှိနေပြီး အမှိုက်ပုံးလည်း မရှိတဲ့အတွက် ကြုံသလို စွန့်ပစ်နေရတာတွေလည်း ရှိနေပါတယ်။

အေပီတီ

error: Content is protected !!