Home > သတင်း > စစ်ရေး > ဖမ်းဆီးထားတဲ့ NLD ပါတီကိုယ်စားလှယ်လောင်း ၃ ဦးကို ကာလတစ်ခုထိ ထိန်းသိမ်းထားမယ်လို့ AA ထုတ်ပြန်

ဖမ်းဆီးထားတဲ့ NLD ပါတီကိုယ်စားလှယ်လောင်း ၃ ဦးကို ကာလတစ်ခုထိ ထိန်းသိမ်းထားမယ်လို့ AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ မဲဆွယ်စည်းရုံနေစဉ် NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ၃ ဦးဖြစ်တဲ့ ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချော တို့ကို ရက္ခိုင့်တပ်တော် (AA) က ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က ဖမ်းဆီးသွားခဲ့တာပါ။ ဒါနဲ့ပတ်သက်ပြီး ကိုယ်စားလှယ်လောင်း ၃ ဦးကို ကာလတစ်ခုထိ ထိန်းသိမ်းထားမယ်လို့ အောက်တိုဘာလ ၁၉ ရက်နေ့ ရက်စွဲနဲ့ ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခံရသူ ကိုယ်စားလှယ်လောင်း ၃ ဦးရဲ့ ဓာတ်ပုံတွေနဲ့တကွ ကြေငြာချက် ထုတ်ပြန်ခဲ့တာပါ။

ရက္ခိုင့်တပ်တော် (AA) ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ အချက် ၉ ချက်ပါဝင်ပြီး နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ဦးဆောင်တဲ့ အစိုးရကိုလည်း ကိုဗစ်ကာလအတွင်း နိုင်ငံရေးအမြတ်ထုတ်နေတယ်လို့ ဝေဖန်စွပ်စွဲထားသလို တပ်မတော်ကိုလည်း စစ်ရေးအမြတ်ထုတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် NLD ပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကတိကဝတ်တွေကိုလည်း အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့ပြီး ငြိမ်းချမ်းရေးကိုလည်း ဟန်ပြသဘောမျိုး လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် NLD အစိုးရအနေနဲ့ ဖမ်းဆီးခံ နိုင်ငံရေးသမားတွေ၊ ပြည်သူတွေ၊ ကျောင်းသားတွေကို ပြန်လွှတ်ပေးမယ်ဆိုရင် ဖမ်းထားတဲ့ အမတ်လောင်း ၃ ဦးကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ အမတ်လောင်း ၃ ဦးနဲ့ပတ်သက်ပြီး NLD ပါတီနှင့် အမေရိကန်သံရုံး၊ ပြင်သစ်သံရုံး စတဲ့ နိုင်ငံတကာ သံရုံးအချို့က အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကြေငြာချက်တွေလည်း ထုတ်ပြန်ထားပါတယ်။  

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ကလည်း NLD ပါတီရဲ့ ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းက ပလက်ဝနှင့် ကျောက်တော်ကြားမှာ ရက္ခိုင့်တပ်တော် (AA) ရဲ့ ဖမ်းဆီးတာခံခဲ့ရပြီး ၂ လကျော်ကြာ ထိန်းသိမ်းခံခဲ့ရပါသေးတယ်။

ရက္ခိုင့်တပ်တော် (AA) ကို အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေငြာထားပြီး ဒီနေ့အချိန်ထိ အစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲတွေလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားနေဆဲဖြစ်ကာ အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာတွေ၊ သေဆုံးတာတွေလည်းရှိနေပြီး နေရပ်စွန့်ခွာထွက်ပြေးရတာတွေလည်း ရှိနေပါတယ်။  

ဒါ့အပြင် အောက်တိုဘာလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အစိုးရဆန့်ကျင်ဆန္ဒပြတဲ့ ကျောင်းသားခေါင်းဆောင်တွေကိုလည်း ဖမ်းဆီးခဲ့ပါသေးတယ်။ အစောပိုင်းကလည်း မိတ္ထီလာ၊ မုံရွာ၊ မန္တလေး၊ ပခုက္ကူ စတဲ့ဒေသတွေက ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး လှုပ်ရှားတဲ့ ကျောင်းသားတချို့ကိုလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ ဖမ်းဆီးကာ တရားစွဲဆိုတာတွေလည်း ရှိနေပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ အောက်တိုဘာလ ၁၆ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတဝှမ်းက ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နေရာတွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ကြေငြာချက်အမှတ် ၁၉၆/၂၀၂၀ အရ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပနိုင်တဲ့နေရာတွေက ပုဏ္ဍားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး စတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်တွေက နေရာအားလုံးအပြင် ကျောက်ဖြူ၊ အမ်း၊ စစ်တွေ၊ တောင်ကုတ် စတဲ့မြို့နယ်တွေမှာ ၁၅၂ နေရာတို့မှာ မကျင်းပနိုင်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နေရာတွေထုတ်ပြန်တဲ့အပေါ်မှာလည်း တိုင်းရင်းသားပါတီတွေကြားမှာ ဝေဖန်မှုတွေ ဖြစ်ပေါ်နေပါတယ်။

မျက်မှောက်ခေတ်

error: Content is protected !!