စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၆ ဦး တွေ့ရှိရတယ်လို့ တိုင်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။ ပိုးတွေ့လူနာတွေက ရန်ကုန်က ပြန်လာသူတွေဖြစ်ပြီး ကျေးရွာ Quarantine Center တွေမှာ ဝင်ရောက်နေသူတွေဖြစ်ကာ Swab နမူနာရယူစစ်ဆေးရာမှာ ရောဂါပိုးကူးစက်ခံထားရတာကို တွေ့ရှိခဲ့တာပါ။
“အခုပိုးတွေ့လူနာတွေက ကျန်းမာရေးလဲကောင်းပါတယ်။ ၆ ယောက်စလုံးက လူငယ်တွေချည်းပဲ။ အမျိုးသမီးတွေပါ။ သူတို့က ရန်ကုန်ကနေ ရောက်ကတည်းက Quarantine ဝင်တဲ့သူတွေပါ။”လို့ ဆားလင်းကြီးမြိုနယ် အုပ်ချုပ်ရေးမှူး ဦးဆန်းမြင့်က ပြောပါတယ်။
အဲဒီပိုးတွေ့လူနာ ၆ ဦးကို ဆားလင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံမှာ ပြောင်းရွှေ့ ဆေးကုသပေးသွားမယ်လို့လည်း သိရပါတယ်။
ပိုးတွေ့လူနာ ၆ ဦးက ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်ကျေးရွာက အသက် ၂၁ နှစ်အရွယ် အမျိုးသမီး ၂ ဦးနှင့် အသက် ၂၆ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ ကံကုန်းကျေးရွာက အသက် ၂၁ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ အေးကုန်းကျေးရွာမှ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် မတောင့်တကျေးရွာက အသက် ၂၀ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဆားလင်းကြီးမြို့နယ်မှာ အထူးရဲသင်တန်းတက်ရောက်နေသူထံကနေ ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ရပါသေးတယ်။
အောက်တိုဘာလ ၁၈ ရက်နေ့ ညက ထုတ်ပြန်ချက်အရလည်း စစ်ကိုင်းတိုင်းအတွင်း ရွှေဘိုမြို့နယ်မှာ ၂ နှစ်အရွယ်ကလေးငယ်အပါအဝင် ပိုးတွေ့လူနာ ၅ ဦး၊ ကနီမြို့နယ်မှာ ပိုးတွေ့လူနာ ၁ ဦး စုစုပေါင်း ၆ ဦးတွေ့ရှိခဲ့ပါသေးတယ်။ သူတို့ကိုလည်း သက်ဆိုင်ရာဆေးရုံတွေမှာ ပြောင်းရွှေ့ကုသပေးနေပြီဖြစ်ပါတယ်။
အခုလက်ရှိစစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မြို့နယ်ပေါင်း ၂၅ မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၂၅၆ ဦးရှိပြီး ဆေးရုံးကနေ ဆင်းခွင့်ရရှိသူ ၁၃၄ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာလ ၁၈ ရက်နေ့ ည ၈ နာရီအချိန်ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာအသစ် ၁၁၅၀ ဦး၊ စုစုပေါင်း ပိုးတွေ့လူနာဦးရေ ၃၆၀၂၅ ဦး၊ သေဆုံးသူအသစ် ၄၂ ဦး စုစုပေါင်းသေဆုံးသူ ၈၈၀ ဦး၊ ဆေးရုံက ဆင်းခွင့်ရသူ စုစုပေါင်း ၁၇၀၇၆ ဦးရှိတယ်လို့ သိရပါတယ်။
ပိုတေး