Home > သတင်း > တရားဉပဒေစိုးမိုးရေး > မင်းကင်း-မြို့မကားလမ်းတွင် ယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

မင်းကင်း-မြို့မကားလမ်းတွင် ယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ မင်းကင်း-မြို့မကားလမ်းမှာ အောက်တိုဘာလ ၁၈ ရက်နေ့ ညပိုင်းက ယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ မင်းကင်းမြို့မရဲစခန်းက သိရပါတယ်။ အခင်းဖြစ်ရာနေရာက မင်းကင်း-မြို့မကားလမ်း ရွှေသမင်တောင်အဆင်း နတ်စဉ်ကွေ့အနီးမှာ ကားတစ်စီးနှင့်ဆိုင်ကယ်တစ်စီးတို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

“သတင်းရလို့ သွားရောက်စစ်ဆေးတယ်။ ရွှေသမင်တောင်အဆင်း နတ်စဉ်အကွေ့အနီးမှာ အမျိုးသားတစ်ဦး ကားကြိတ်ခံရပြီး သေဆုံးနေတာကိုတွေ့ရတယ်။ ဆိုင်ကယ်တစ်စီးနဲ့ အဲဒီသေဆုံးနေတဲ့သူပဲတွေ့တာ။ ခေါင်းကတော့ ကြေမွနေတာကိုတွေ့ရတယ်။ တိုက်တဲ့ကားက ဘယ်ကကားမှန်းမသိသေးဘူး။ လိုက်လံစုံစမ်းဖော်ထုတ်နေပါတယ်။ အခင်းဖြစ်စဉ်မှာ ဘာမှမတွေ့ရဘူး။ အဲဒီဆိုင်ကယ်သမားသေဆုံးနေတာကိုပဲ တွေ့ရတာ။ ဆိုင်ကယ်ကတော့ လမ်းဘေးမှာပါ။ လူကတော့ လမ်းမပေါ်မှာ ခေါင်းကြေမွနေတာ။ ဘယ်ကားနဲ့တိုက်လို့ သေမှန်းမသိရဘူး။ ဘာနဲ့တိုက်လို့သေမှန်းလဲမသိရဘူး။ ကားနဲ့တိုက်ပြီး ကားနဲ့ကြိုတ်သေသွားတယ်လို့တော့ ကျွန်တော်တို့က ယူဆရတာပေါ့။ အဲလိုစစ်ဆေးတွေ့ရှိရတယ်။”လို့ မင်းကင်းမြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်စိုးလွင်က ပြောပါတယ်။

သေဆုံးသူမှာ အသက် ၄၃ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ယင်းမာပင်မြို့နယ် ကြာစီကျေးရွာကဖြစ်ကာ အလောင်းကိုတော့ မင်းကင်းမြို့နယ်ပြည်သူ့ဆေးရုံမှာ ပို့ဆောင်ထားပါတယ်။

“မနေ့ည ၇ နာရီလောက် ယာဉ်တိုက်တဲ့သတင်းရရှိတယ်။ မင်းကင်းမြို့ ပါရမီအသင်းကားနဲ့ သွားရောက်တယ်။ အဲဒီဖြစ်တဲ့နေရာရောက်တော့ အလောင်းကို တစ်နေရာကိုရွေ့ထားတယ်။ 125 ဆိုင်ကယ်ကိုလဲ ဘေးမှာကပ်ထားတယ်။ အမျိုးသားတစ်ဦးရဲ့ ခေါင်းပိုင်းဟာ ကြေမွနေတာကိုတွေ့ရတယ်။ အလောင်းကိုတော့ ပါရမီကားနဲ့ဆေးရုံကို သယ်ယူခဲ့တယ်။ ခေါင်းပိုင်းကတော့ မရှိတော့ဘူး။ ဆိုင်ကယ်ရဲ့နောက်ပိုင်းမှာ ကားနဲ့ကြိုတ်ခံရတယ်။ အရင်တစ်ခါတုန်းက အဲဒီနေရာမှာ မုံရွာ-ယာကြီးကာလမ်းမှာ သဲကျောက်သယ်တဲ့ကားတစ်စီးက ကုန်တင်ကားတစ်စီးကို တိုက်ပြီးတော့မှ ကုန်တင်ကားမောင်းတဲ့ ပိုင်ရှင်သားအဖနှစ်ယောက် သေဆုံးမှုဖြစ်ခဲ့ဖူးတယ်။ သားအဖနှစ်ယောက်သေခဲ့တုန်းက တိုင်းအစိုးရထံလက်မှတ်တွေထိုးပြီး ဒီလမ်းကိုပြုပြင်ပေးဖို့နဲ့ မုံရွာ-ယာကြီးလမ်းက ကားသမားတွေကို ယာဉ်တွေဆင်ဆင်ခြင်ခြင်မောင်းဖို့ တောင်းဆိုခဲ့ဖူးတာတွေရှိတယ်။”လို့ ပါရမီလူမှုကူညီရေးအသင်းအဖွဲ့ဝင် ကိုစိုးလင်းမောင်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တရားခံစုံစမ်းနေဆဲဖြစ်ကာ မင်းကင်းမြို့မရဲစခန်း ယာဉ်(ပ) ၁၂/၂၀၂၀၊ ပုဒ်မ ၃၀၄(က)နဲ့ အမှုဖွင့်ထားပြီး လိုက်လံစုံစမ်းဖော်ထုတ်လျက်ရှိတယ်လို့လည်း သိရပါတယ်။

ပိုတေး

error: Content is protected !!