Home > သတင်း > ကျန်းမာရေး > စစ်ကိုင်းတိုင်းတွင် အသက် ၂ အရွယ် ကလေးတစ်ဦးအပါအဝင် ကိုဗစ်အတည်ပြုလူနာ ၆ ဦး ထပ်တိုး

စစ်ကိုင်းတိုင်းတွင် အသက် ၂ အရွယ် ကလေးတစ်ဦးအပါအဝင် ကိုဗစ်အတည်ပြုလူနာ ၆ ဦး ထပ်တိုး

စစ်ကိုင်းတိုင်းဒေသကြီးမှာ အသက် ၂ အရွယ် ကလေးတစ်ဦးအပါအဝင် ကိုဗစ်အတည်ပြုလူနာ ၆ ဦး ထပ်မံတွေ့ရှိရတယ်လို့ အောက်တိုဘာလ ၁၈ ရက်နေ့ညပိုင်းက စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။ အဲဒီပိုးတွေ့လူနာ ၆ ဦးမှာ ရွှေဘိုမြို့နယ်က ၅ ဦး၊ ကနီမြို့နယ်က ၁ ဦးတို့ ဖြစ်ပါတယ်။ ရွှေဘိုမြို့နယ်က ပိုးတွေ့လူနာ ၅ ဦးစလုံးက အရင်ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ဆက်စပ်ခဲ့သူတွေဖြစ်ပြီး သက်ဆိုင်ရာရပ်ကွက်ကျေးရွာတွေမှာ Quarantine ထားရှိသူတွေပဲဖြစ်ပါတယ်။

“သူတို့က အရင်ပိုးတွေ့လူနာတွေရဲ့မိသားစုတွေပါ။ Quarantine ထားတဲ့သူတွေဆိုတော့ ကျန်းမာရေးက ကောင်းဖို့များပါတယ်။”လို့ ရွှေဘိုမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ စောသက်လျာအောင်က ပြောပါတယ်။

အဲဒီပိုးတွေ့လူနာ ၅ ဦးက ရွှေဘိုမြို့နယ် နွားလေးကုန်းမှ အသက် ၃၆ နှစ်အရွယ် အမျိုးသမီး၊ အသက် ၂ အရွယ် ကလေးတစ်ဦး၊ ရွှေဘိုမြို့ပေါ်ရပ်ကွက်မှ အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ချီပါစုရပ်မှ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်တယ်လို့လည်း တိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကနီမြို့နယ်က ပိုးတွေ့လူနာကတော့ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် စက်ရုံတစ်ခုကနေ ပြန်လာသူဖြစ်ပြီး ကနီမြို့နယ်၊ ချောင်းဝအုပ်စု၊ သင့်ဝင်ကျေးရွာမှာ အသွားအလာကန့်သတ်ထားသူလည်း ဖြစ်ပါတယ်။

“ပိုးတွေ့လူနာက ဆင်ပေါင်ဝဲမြို့နယ် ဇာတိကပါ။ ဒီဘက်ကို အသိမိတ်ဆွေတစ်ယောက်ရှိလို့လာတာ။ သူတို့ ပထမအကြိမ်စစ်တော့ ပိုးမတွေ့ဘူး။ အခုဒုတိယအကြိမ် စစ်တော့ ပိုးတွေ့တာပါ။ ကျန်းမာရေးကတော့ ကောင်းတယ်။”လို့ ကနီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်းက ပြောပါတယ်။

အဲဒီပိုးတွေ့လူနာဟာ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် မိုးနတ်ကုန်းကျေးရွာ နေထိုင်သူဖြစ်ပါတယ်။

ရွှေဘိုမြို့နယ်က ပိုးတွေ့လူနာ ၅ ဦးကို ရွှေဘိုမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းနှင့် ကနီမြို့နယ်က ပိုးတွေ့လူနာ ၁ ဦးကိုတော့ ကနီမြို့နယ် ပြည်သူ့ဆေးရုံမှာ ထားရှိသွားမယ်လို့လည်း သိရပါတယ်။

အခုလက်ရှိစစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မြို့နယ်ပေါင်း ၂၅ မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၂၅၀ ဦးရှိပြီး ဆေးရုံကနေ ဆင်းခွင့်ရရှိသူ ၁၃၄ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာလ ၁၈ ရက်နေ့ ည ၈ နာရီအချိန်ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာအသစ် ၁၁၅၀ ဦး၊ စုစုပေါင်း ပိုးတွေ့လူနာဦးရေ ၃၆၀၂၅ ဦး၊ သေဆုံးသူအသစ် ၄၂ ဦး စုစုပေါင်းသေဆုံးသူ ၈၈၀ ဦး၊ ဆေးရုံက ဆင်းခွင့်ရသူ စုစုပေါင်း ၁၇၀၇၆ ဦးရှိတယ်လို့ သိရပါတယ်။

ပိုတေး

error: Content is protected !!