Home > သတင်း > တရားဉပဒေစိုးမိုးရေး > အင်းတော်မြို့နယ်တွင် နေအိမ်တစ်လုံးမီးလောင်ပြီး လူနှစ်ဦးဒဏ်ရာရ

အင်းတော်မြို့နယ်တွင် နေအိမ်တစ်လုံးမီးလောင်ပြီး လူနှစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ နဘားကျေးရွာ၊ ဘူတာစုရပ်ကွက်မှာ အောက်တိုဘာလ ၁၇ ရက်နေ့ မနက် ၁ နာရီခွဲခန့်အချိန်လောက်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အင်းတော်မြို့နယ် မီးသတ်ဦးစီးဌာနက တာဝန်ရှိသူကပြောပါတယ်။ ဘူတာစုရပ်ကွက်မှာ အိမ်ရှင် ဦးမျိုးမင်းသန့်ရဲ့ ၆ ပေပတ်လည်နေအိမ်မှာ TV ပလပ်ခုံအဟောင်း အပူလွန်ကဲရာကနေ ဝါယာရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တာပါ။

“TV ပလပ်ခုံအဟောင်းမှာ စုပြုံပြီး ပလပ်တွေထိုးရင်းနဲ့ အပူလွန်ကဲပြီး ဝါယာရှော့ဖြစ် မီးလောင်တာပါ။ နေအိမ်ပိုင်ရှင်နှင့် သူ့ဇနီးကတော့ မီးလောင်တဲ့အထဲကနေ ကလေး ၃ ယောက်ကို ကယ်ထုတ်ရင်းနဲ့ မီးလောင်ဒဏ်ရာရတယ်။ မစိုးရိမ်ရဘူး။”လို့ အင်းတော်မြို့နယ် မီးသတ်ဦးစီးမှူး ဦးလှမျိုးလွင်က ပြောပါတယ်။

မီးလောင်မှုကြောင့် နေအိမ်တစ်လုံးနှင့် Isuzu အမျိုးအစား အဖြူရောင် Dyner ကားအလတ်စားတစ်စီး မီးလောင်ခဲ့ကာ မီးလောင်ဆုံးရှုံးတန်ဖိုးကိုတော့ တွက်ချက်နေဆဲဖြစ်ပါတယ်။ ဒဏ်ရာရသူနှစ်ဦးကို အင်းတော်မြို့နယ် ပြည်သူ့ဆေးရုံမှာ ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။

မီးလောင်ရာနေရာကို အင်းတော်မြို့နယ် မီးသတ်ဦးစီးဌာနက မီးငြိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၃ စီးနဲ့အတူ တပ်ဖွဲ့ဝင်တွေ၊ ပြည်သူတွေ ဝိုင်းဝန်းငြိမ်းခဲ့ကာ တစ်နာရီခန့်အကြာမှာ မီးလုံးဝ ငြိမ်းသတ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မီးပေါ့ဆသူ ဦးမျိုးမင်းသန့်ကို အင်းတော်မြို့မရဲစခန်းမှ (ပ)၉၇/၂၀၂၀၊ပုဒ်မ ၂၈၅ နဲ့ အရေးယူဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

သူရိယထက်

error: Content is protected !!