Home > သတင်း > ကျန်းမာရေး > တန့်ဆည်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးအပါအဝင် ကိုဗစ်အတည်ပြုလူနာ ၅ ဦးထပ်တိုး

တန့်ဆည်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးအပါအဝင် ကိုဗစ်အတည်ပြုလူနာ ၅ ဦးထပ်တိုး

ဓာတ်ပုံ-တန့်ဆည်ပြန်/ဆက်

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြိုနယ်မှာ အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းတစ်ဦးအပါအဝင် ကိုဗစ်အတည်ပြုလူနာ ၅ ဦး ရောဂါပိုးတွေ့ရှိတယ်လို့ စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီရဲ့ ကနဦး ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီပိုးတွေ့လူနာ ၅ ဦးစလုံးက အမျိုးသမီးတွေဖြစ်ပြီး ၄ ဦးက ရန်ကုန်ကနေ ပြန်လာသူတွေဖြစ်ကာ ကျန် ၁ ဦးကတော့ အရင်ပိုးတွေ့လူနာ ၄ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။

“ပိုးတွေ့လူနာအားလုံးကတော့ အမျိုးသမီးတွေချည်းပါပဲ။ ပိုးတွေ့လူနာ ၅ ဦးထဲက တစ်ဦးမှာ ဆင်ငယ်ကျေးရွာက ပြည်သူ့ဆေးရုံက ကျန်းမာရေးဝန်ထမ်းပါ။ အရင် Positive လူနာ ၄ ယောက်ကို ဆေးကုသပေးတဲ့ထဲကပါ။ အဲဒီ ၄ ယောက်ဆေးရုံကနေ ဆင်းသွားပြီး သူ့ကို Swab ယူစစ်ကြည့်လိုက်တော့ ရောဂါပိုးတွေ့တာပါ။ ကျန်တဲ့ ၄ ယောက်က ရန်ကုန်ကနေပြန်လာသူတွေပါ။ သက်ဆိုင်ရာကျေးရွာတွေမှာ Quarantine ထားရှိသူတွေဖြစ်တယ်။ ကျန်းမာရေးကတော့ ကောင်းမွန်ပါတယ်။”လို့ တန့်ဆည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာမင်းက ပြောပါတယ်။

ပိုးတွေ့လူနာ ၅ ဦးမှာ တောင်ကြောင်းကျေးရွာက အသက် ၂၁ နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ ခေါင်တုန်းကျေးရွာက အသက် ၂၀ နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ ဒေါင့်ကွေးကျေးရွာက အသက် ၂၅ နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ ဗျက်ကြီးကျေးရွာမှ အသက် ၂၂ နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ ဆင်ငယ်ကျေးရွာက အသက် ၂၈ နှစ်အရွယ် အမျိုးသမီး တစ်ဦး ( ကျန်းမာရေးဝန်ထမ်း၊ ပြည်သူ့ဆေးရုံ – တန့်ဆည် ) တို့ ဖြစ်ပါတယ်။

ပိုးတွေ့လူနာတွေကိုတော့ တန့်ဆည်မြို့၊ ပြည်သူ့ဆေးရုံမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးမယ်လို့လည်း သိရပါတယ်။ တန့်ဆည်မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၁၁ ဦးရှိပြီး အဲဒီ ၁၁ ဦးထဲက ၆ ဦးကတော့ ဆေးရုံကနေ ဆင်းခွင့်ပြုထားတယ်လို့လည်း သိရပါတယ်။

အခုလက်ရှိ စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ် ၃၇ မြို့နယ် ရှိတဲ့အထဲက မြို့နယ် ၂၅ မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၂၄၃ ဦးရှိပြီး ဆေးရုံကနေ ဆင်းခွင့်ရသူ ၁၁၀ ဦးရှိကာ သေဆုံးသူတော့ မရှိသေးပါဘူး။

ပိုတေး

error: Content is protected !!