Home > သတင်း > တရားဉပဒေစိုးမိုးရေး > မြင်းမူမြို့တွင် NLD ပါတီအောင်နိုင်ရေး လှည့်လည်မဲဆွယ်ရာမှာ ပါဝင်သူတစ်ဦး ဓာတ်လိုက်သေဆုံး

မြင်းမူမြို့တွင် NLD ပါတီအောင်နိုင်ရေး လှည့်လည်မဲဆွယ်ရာမှာ ပါဝင်သူတစ်ဦး ဓာတ်လိုက်သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့မှာ အောက်တိုဘာလ ၁၆ ရက်နေ့က NLD ပါတီအောင်နိုင်ရေး လှည့်လည်မဲဆွယ်ရာမှာ ပါဝင်သူတစ်ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ပြီး သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်လို့ မြင်းမူမြို့မရဲစခန်းရဲ့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ NLD ပါတီကို ဝန်းရံထောက်ခံသူအင်အား ၂၀၀ ဝန်းကျင်က  ပါတီအကျီတွေ ဝတ်ဆင်ပြီး ပါတီအလံတွေ ချိတ်ဆွဲကာ ပါတီအောင်နိုင်ရေး တေးသီချင်းတွေ ဖွင့်လှစ်ပြီး လှည့်လည်မဲဆွယ်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလို လှည့်လည်မဲဆွယ်ရာမှာ မော်တော်ယာဉ် ခုနှစ်စီး၊ ထော်လာဂျီသုံးစီး၊ သုံးဘီးယာဉ်နှစ်စီး၊ ဆိုင်ကယ်အစီးရေ ၄၀ ခန့်တို့က လူစုခွဲကာ လှည့်လည် မဲဆွယ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ NLD ပါတီအောင်နိုင်ရေး မဲဆွယ်လှည့်လည်ရာမှာ ပါဝင်သူ အသက် ၂၂ နှစ်အရွယ် လူငယ်တစ်ဦးက ပါတီအလံတပ်ဆင်ထားတဲ့ အရှည် ၉ ပေခန့်ရှိ စတီးတိုင်ကို ဝှေ့ရမ်းခဲ့ရာ လျှပ်စစ်ဓာတ်ကြိုးကို ရိုက်မိခဲ့ပြီး ဓာတ်လိုက်ခံခဲ့ရတဲ့အတွက် ဝဲခြေမပေါက်ပြဲဒဏ်ရာရရှိခဲ့ကာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ကုလားကြီးအုပ်စု တပါယ်အင်းကျေးရွာမှာ NLD ပါတီအောင်နိုင်ရေး မဲဆွယ်လှည့်လည်ရာမှာပါဝင်တဲ့ ကားတစ်စီးပေါ်ကနေ လူတစ်ဦး ပြုတ်ကျပြီး ကားတက်နင်းကြိတ်မိခဲ့တဲ့အတွက်ကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ပါသေးတယ်။ ဒါ့အပြင် အောက်တိုဘာလ ၁၀ ရက်နေ့က ကန့်ဘလူမြို့နယ်မှာ NLD ပါတီအောင်နိုင်ရေး လှည့်လည်မဲဆွယ်ရာမှာ ပါဝင်တဲ့ ကားတစ်စီးပေါ်မှာတင်ဆောင်လာတဲ့ မီးစက်ကစတင်ကာ မီးလောင်ခဲ့တဲ့အတွက် ယာဉ်ပေါ်မှာ စီးနင်းလိုက်ပါလာတဲ့ လူ ၁၅ ဦး မီးလောင်ဒဏ်ရာတွေ အသီးသီးရရှိခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၁၂ ရက်နေ့က ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မြင်တော်ကျေးရွာအနီးမှာ NLD ပါတီအောင်နိုင်ရေး လှည့်လည်မဲဆွယ်ရာမှာ ပါလာတဲ့ ကားတစ်စီးတိမ်းမှောက်မှုကြောင့် လေးဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် တခြားသောမြို့နယ်တွေမှာလည်း အလားတူ မဲဆွယ်ရာကနေ ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိနေပါသေးတယ်။ မဲဆွယ်စည်းရုံးရေး ယာဉ်တန်းတွေကြောင့် ခိုက်ရန်ဖြစ်ပွားမှုတွေ၊ လူသေဆုံးမှုတွေလည်း မကြာခဏဆိုသလို ဖြစ်ပေါ်နေပြီး ကိုဗစ်ရောဂါပိုးကူးစက်မှာကိုလည်း ပြည်သူတွေက စိုးရိမ်မှုတွေရှိနေပါတယ်။

error: Content is protected !!