Home > သတင်း > တရားဉပဒေစိုးမိုးရေး > ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တရားမဲ့ပြုကျင့်တာတွေမှန်သမျှ ထိရောက်စွာအရေးယူကြဖို့ သမ္မတရုံးအမိန့်ထုတ်ပြန်

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တရားမဲ့ပြုကျင့်တာတွေမှန်သမျှ ထိရောက်စွာအရေးယူကြဖို့ သမ္မတရုံးအမိန့်ထုတ်ပြန်

မကြာခင်ကျင်းပတော့မယ့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၂၇/၂၀၂၀ နဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တည်ဆဲဉပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်ရေးအတွက် အပိုဒ် ၄ ပိုဒ်ပါ အမိန့်စာတစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

အမိန့်စာအရ အစိုးရအနေနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ သန္နိဌာန်ချထားပြီးဖြစ်လို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ဖြတ်သန်းရမှာဖြစ်တာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၈ ရက်နေ့ကို ရွေးကောက်ပွဲနေ့အဖြစ် သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ နိုင်ငံရေးပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ပြဌာန်းထားတဲ့ ဉပဒေ၊ နည်းဉပဒေတွေနဲ့အညီ လိုက်နာကြဖို့လိုကြောင်း၊ လက်ရှိမှာ ရွေးကောက်မှုဆိုင်ရာအခွင့်အရေးတွေကို ပုံစံအမျိုးမျိုးနဲ့ အကြမ်းဖက်တာ၊ ခြိမ်းခြောက်နှောင့်ယှက်တာ၊ ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြ စည်းရုံးလှုံ့ဆော်တာ၊ ဆူပူမှုဖြစ်အောင် ဖန်တီးတာ၊ ရပ်ရွာအေးချမ်းသာယာရေးပျက်ပြားအောင် ကြံဆောင်တာ စတဲ့ တရားမဲ့ပြုကျင့်မှုတွေကိုမြင်တွေ့နေရတဲ့အတွက် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေ၊ ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ တိုင်းနှင့်ပြည်နယ်အစိုးရတွေ၊ ဌာနဆိုင်ရာအဆင့်ဆင့်တွေအနေနဲ့ တရားဉပဒေစိုးမိုးရေးကို အဓိကထားပြီး တည်ဆဲဉပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်ကြရန်ဆိုပြီး အမိန့်စာမှာ ပါရှိပါတယ်။

ရွေးကောက်ပွဲကာလအတွင်း တချို့သော မြို့နယ်တွေမှာ နိုင်ငံရေးပါတီတချို့က ကိုယ်စားလှယ်တွေက ဘာသာရေး၊ လူမျိုးရေးကို အခြေခံတဲ့ ဟောပြောစည်းရုံးမှုတွေလည်း ရှိသလို လက်ရှိ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ပုတ်ခတ်စော်ကားတဲ့ စကားလုံးတွေနဲ့ ပြည်သူတွေကြား ထင်ယောင်ထင်မှား ဖြစ်အောင် စည်းရုံးလှုံ့ဆော်တာတွေလည်းရှိနေတဲ့အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှု စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့် အရေးယူနေတာတွေလည်း ရှိနေပါတယ်။

မျက်မှောက်ခေတ်

error: Content is protected !!