Home > သတင်း > တရားဉပဒေစိုးမိုးရေး > ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နေရာတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကြေငြာ

ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နေရာတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကြေငြာ

မကြာခင်ကျင်းပတော့မယ့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာတွေကို အောက်တိုဘာလ ၁၆ ရက်နေ့က ကြေငြာချက်အမှတ် ၁၉၂၊ ၁၉၃၊ ၁၉၄၊ ၁၉၅၊ ၁၉၆၊ ၁၉၇ တို့နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ ကြေငြာချက်မှာ ပါဝင်တဲ့နေရာတွေက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိတဲ့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဉပဒေပုဒ်မ ၁၀(စ) အရ ရွေးကောက်ပွဲကျင်းပမှာ မဟုတ်ဘူးလို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ကြေငြာချက်အမှတ် ၁၉၂/၂၀၂၀ အရ ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပနိုင်တဲ့နေရာတွေက ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ်၊ မချမ်းဘော၊ မံစီ၊ မိုးမောက်၊ ရွှေကူ၊ ချီဖွေ၊ ဆော့လော်၊ တနိုင်း၊ ဝိုင်းမော်၊ အင်ဂျန်းယန် စတဲ့မြို့နယ်တွေမှာ ၁၄၆ နေရာတို့ဖြစ်ပါတယ်။

ကြေငြာချက်အမှတ် ၁၉၃/၂၀၂၀ အရ ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပနိုင်တဲ့နေရာတွေက ကော့ကရိတ်၊ ကြာအင်းဆိတ်ကြီး၊ ဖာပွန်၊ ဘားအံ၊ သံတောင်ကြီး၊ မြဝတီ စတဲ့ မြို့နယ်တွေက ၅၃ နေရာ ဖြစ်ပါတယ်။

ကြေငြာချက်အမှတ် ၁၉၄/၂၀၂၀ အရ ပဲခူးတိုင်းအတွင်း ရွေးကောက်ပွဲမကျင်းပနိုင်တဲ့နေရာတွေက ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ်တို့ဖြစ်ပြီး ၄၂ နေရာရှိပါတယ်။

ကြေငြာချက်အမှတ် ၁၉၅/၂၀၂၀ အရ မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပနိုင်တဲ့နေရာကတော့ ဘီးလင်းမြို့နယ်၊ ဘောနော်ခီးကျေးရွာအုပ်စု ဖြစ်ပါတယ်။

ကြေငြာချက်အမှတ် ၁၉၆/၂၀၂၀ အရ ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပနိုင်တဲ့နေရာတွေက ပုဏ္ဍားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး စတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်တွေက နေရာအားလုံးအပြင် ကျောက်ဖြူ၊ အမ်း၊ စစ်တွေ၊ တောင်ကုတ် စတဲ့မြို့နယ်တွေမှာ ၁၅၂ နေရာတို့မှာ မကျင်းပနိုင်ဘူးလို့ ဆိုပါတယ်။

ကြေငြာချက်အမှတ် ၁၉၇/၂၀၂၀ အရ ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပနိုင်တဲ့နေရာတွေက မိုင်းလား၊ ပန်ဆန်း၊ နားဖန်း၊ မိုင်းမော၊ ပန်ဝိုင်၊ မိုင်းကိုင် စတဲ့မြို့နယ်တွေမှာ နေရာအားလုံး၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းခပ်၊ မိုင်းယန်၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ ကွတ်ခိုင်၊ မူဆယ်၊ မက်မန်း၊ မိုင်းတုံ၊ တန့်ယန်း၊ လားရှိုး၊ ကွမ်းလုံ၊ ကုန်းကြမ်း၊ ဟိုပန် စတဲ့မြို့နယ်တွေမှာ ၁၄၁ နေရာတို့ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နေရာဒေသ အသေးစိပ်ကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာ https://uec.gov.mm/announcement_list.php မှာ ထုတ်ပြန်ကြေငြာပေးထားပါတယ်။ ကြေငြာချက်အတွင်းမှာ ပါဝင်တဲ့ နေရာအများစုကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ရာနယ်မြေတွေ၊ တိုက်ပွဲဖြစ်ပွားရာနယ်မြေတွေနှင့် မငြိမ်းချမ်းသေးတဲ့ နယ်မြေတွေ ဖြစ်ပါတယ်။

မျက်မှောက်ခေတ်

error: Content is protected !!