စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ကပိုင်အုပ်စု ပေါင်းဝကျေးရွာတွင် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲရုံတိုးချဲ့ချထားပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။ အခုလို တောင်းဆိုရတာက မဲဆန္ဒရှင်ပိုများတဲ့ ပေါင်းဝရွာမှာ မဲရုံမထားဘဲ ၃ ဖာလုံခန့်ဝေးပြီး မဲဆန္ဒရှင်နည်းတဲ့ ကဗြုရွာမှာ မဲရုံထားတာကြောင့် တောင်းဆိုရတာဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။
“ကျွန်တော်တို့က အောက်တိုဘာလ ၁၁ ရက်နေ့မှာ ယင်းမာခရိုင် ကော်မရှင်ရုံးကို သွားလိုက်တယ်။ ခရိုင်ရုံးကိုမေးလိုက်တော့ ပေါင်းဝပဲချထားတာလို့ ပြောလိုက်တယ်။ မြို့နယ်ရုံးကိုသွားပြီး မဲရုံအသစ် တောင်းဆိုလိုက်တဲ့အခါကျတော့ ဆက်လက်ကြိုးစားပေးမယ် ပြောတယ်။ ဒါပေမယ့် အခုချိန်ထိတော့ ဖြူဖြူမဲမဲသဲ သဲကွဲကွဲ မရှိသေးပါဘူး။”လို့ ပေါင်းဝကျေးရွာ ရွာခွဲတာဝန်ခံ ဦးကြည်မောင်ဝင်းက ပြောပါတယ်။
ပေါင်းဝကျေးရွာသား မဲဆန္ဒရှင် ဦးသိန်းလင်းကလည်း ကျေးရွာက တာဝန်ရှိသူတွေ မသိရှိရဘဲ အခုလို ဆုံးဖြတ်လိုက်တဲ့အပေါ်မှာတော့ ကျေနပ်မှုမရှိသလို မဲရုံအသစ်မတိုးချဲ့ပေးရင် မဲပေးဖို့ ဆန္ဒမရှိဘူးလို့လည်း ပြောဆိုခဲ့ပါသေးတယ်။
ယင်းမာပင်မြို့နယ်မှာ မဲဆန္ဒရှင်ပေါင်း ၁၂၀၀၀၀ ကျော်ရှိပြီး မဲရုံပေါင်း ၁၀၀ ဖွင့်လှစ်ဖို့ ရည်ရွယ်ထားတာပါ။ အခုလိုဖြစ်တာက စာရိုက်သူရဲ့ အမှားအယွင်းကြောင့် ဖြစ်သွားတာဖြစ်ပြီး ခရိုင်အနေနဲ့တော့ တိုင်းကို တင်ပြပေးထားတယ်လို့ ဆိုပါတယ်။
“ရပ်ကျေးကော်မရှင်ခွဲကနေ ယင်းမာပင်မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးကို မဲရုံခွဲတစ်ခုရဖို့ တင်ပြပါတယ်။ ယင်းမာပင်မြို့နယ် ကော်မရှင်ကနေပြီးတော့ တစ်ဆင့် ခရိုင်ကော်မရှင်ကို တင်ပြလာတဲ့အတွက် ကျွန်တော်တို့က ဆက်လက်ပြီး တိုင်းကော်မရှင်ကို ဆောင်ရွက်ပေးပါရန် ဒေသန္တအရ အခြေအနေအရ မဲရုံခွဲတစ်ခုနဲ့ ထပ်မံတင်ပြထားပါတယ်။ အခုထိတော့ အကြောင်းပြန်ကြားတာမရှိသေးဘူး။”လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဌ ဦးသိန်းထီက ပြောပါတယ်။
လက်ရှိအချိန်မှာ ရွေးကောက်ပွဲကလည်း နီးကပ်လာနေပြီဖြစ်သလို ကြိုင်တင်မဲတွေကိုလည်း မကြာခင်ကောက်ယူတော့မှာဖြစ်ပါတယ်။ ပေါင်းဝကျေးရွာမှာ မဲဆန္ဒရှင်ပေါင်း ၁၀၁၅ ဦးရှိပြီး ကဗြုကျေးရွာမှာတော့ မဲဆန္ဒရှင် ၉၀၀ ဝန်းကျင်ရှိပါတယ်။ ရွေးကောက်ပွဲကော်မရှင်ရဲ့ သတ်မှတ်ချက်တွေအရ ကိုဗစ်ကာလလည်းဖြစ်တာကြောင့် မဲရုံတွေကို မဲဆန္ဒရှင်တစ်ထောင်အတွက် မဲရုံတစ်ရုံဖွင့်လှစ်ပေးဖို့ လျာထားဆောင်ရွက်နေတာပါ။ စစ်ကိုင်းတိုင်းအတွင်း မဲဆန္ဒရှင်ပေါင်း ၄၂ သိန်းကျော်ရှိပြီး မဲရုံပေါင်း ၄၁၀၇ ရုံဖွင့်လှစ်သွားမှာလည်း ဖြစ်ပါတယ်။
မျက်မှောက်ခေတ်