Home > သတင်း > တရားဉပဒေစိုးမိုးရေး > မင်းကင်းတွင် ရွေးကောက်ပွဲကာလ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုမှု ၁၂ မှုရှိနေ

မင်းကင်းတွင် ရွေးကောက်ပွဲကာလ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုမှု ၁၂ မှုရှိနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်တွင် ရွေးကောက်ပွဲကာလအတွင်း နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့် အရေးယူမှု ၁၂ မှုထိ ရှိနေတယ်လို့ မြို့နယ်စီ/ခန့်က သိရပါတယ်။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် အစိုးရကို အများပြည်သူ အယုံအကြည်ပျက်စေအောင်ရည်ရွယ်ချက်နဲ့ အသံချဲ့စက်၊ ဆောင်းဘောက် စတာတွေအသုံးပြုပြီး ဟောပြောတာတွေ လုပ်ခဲ့တာကြောင့် သက်ဆိုင်ရာအစိုးရရဲ့ ခွင့်ပြုချက်နဲ့ အခုလို အရေးယူတာလို့ မင်းကင်းမြို့နယ် တာဝန်ရှိသူက ပြောပါတယ်။

“အဓိကကတော့ နိုင်ငံတော် အတိုင်ပင်ခံတို့၊ နိုင်ငံတော်အစိုးရတို့ကို ပုတ်ခတ်ထိခိုက် စော်ကားတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ သံချဲ့စက်တွေနဲ့ ဖွင့်တာတွေ အများပြည်သူသိအောင် ပြောတာတွေပေါ့။ အဲဒါတွေက NLD ဉပဒေအထောက်အကူပြုကော်မတီဉက္ကဌကနေ တင်ပြတိုင်ကြားမှုရှိတဲ့အပေါ် အပေါ်ကိုတင်ပြပြီး ထွေအုပ်က ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုးကနေ တရားလိုလုပ်ပြီးတော့ ၅၀၅ (ခ)နဲ့ အမှုဖွင့်ထားတာပါ။ ကျွန်တော်တို့ကတော့ တင်ပြလာတဲ့အပေါ်မှာ ဆက်လက်ပြီးတော့ လမ်းညွှန်ချက်ခံယူတယ်။ လမ်းညွှန်ချက်အတိုင်း ဉပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့အနေနဲ့ကတော့ နိုင်ငံတော်ကပေးအပ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေဖြစ်တဲ့အတွက် ဉပဒေနဲ့အညီပဲ ဆက်လက်ဆောင်ရွက်သွားမှာပါ။”လို့ မင်းကင်းမြို့နယ် အုပ်ချုပ်ရေးမှုး ဦးဆန်းဗိုလ်က ပြောပါတယ်။

မင်းကင်းမြို့နယ်အတွင်းက ကျေးရွာတွေမှာ ဘာသာရေး၊ လူမျိုးရေးကို အခြေခံတာ၊ အစိုးရကို အကြည်ညိုပျက်အောင် လှုံံ့ဆော်တာ စတဲ့ စကားလုံးတွေပါတဲ့ ဟောပြောချက်တွေကို အများသိအောင် ဖွင့်တာတွေ၊ ရပ်ရွာအတွင်း လှည့်လည်ဟောပြောတာတွေ ရှိနေတာပါ။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ မင်းကင်းမြို့နယ် NLD ပါတီ ဉပဒေအထောက်အကူပြုကော်မတီက တိုင်ကြားလာတဲ့အတွက် တိုင်းအစိုးရရဲ့ လမ်းညွှန်မှုခံယူပြီး ခွင့်ပြုချက်နဲ့ တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ အောက်တိုဘာလ ၁၂ ရက်နေ့ တစ်ရက်ထဲမှာ လူ ၁၅ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့်ခဲ့ပြီး ၁၃ ဦးကို ဖမ်းဆီးထားကာ ၂ ဦးကို ဖမ်းဆီးရမိရေးလုပ်ဆောင်နေတယ်လို့သိရပါတယ်။

“အားလုံးက တစ်ယောက်ယောက်ကနေ စုပြီး ဝေပြီး ဖွင့်ခိုင်းတဲ့ ပုံစံမျိုး။ ဘာသာရေး၊ လူမျိုးရေးကို မှိုင်းတိုက်ပြီး လုပ်သလို သက်ရောက်တယ်။ ပြစ်မှုက ၁၂၄ (က) မြောက်တယ်။ သို့သော် ဒီပုဒ်မက ပြစ်မှုကြီးလေးတဲ့အပြင် ခရိုင်တရားရုံးမှာ သွားရောက်စွဲဆိုရမယ့်ဟာတွေ ဖြစ်တဲ့အတွက် ပိုမိုအချိန်ကြန့်ကြာနိုင်တယ်။ ဒါကြောင့် ၅၀၅ (ခ)နဲ့ပဲ စွဲတာပေါ့။ မဟုတ်မမှန်တာတွေကို တိုက်ခိုက်စော်ကားနေတဲ့ဟာတွေကို ဖွင့်နေတာပါဆိုတာ သိစေချင်ယုံပဲ။ သိပ်ပြစ်မှုကြီးကြီးကျစေချင်လို့ မဟုတ်ဘူး။”လို့ မင်းကင်းမြို့နယ် NLD ပါတီ ဉပဒေအထောက်အကူပြုကော်မတီ ဉက္ကဌ ဦးကျော်မင်းထွဋ်က ပြောပါတယ်။

နောက်ထပ်လည်း အလားတူ အမှုတွေ ၅၀ ထက်မနည်း တက်လာနိုင်သေးတယ်လို့ ဆိုပါတယ်။ အရင်ကလည်း မင်းကင်းမြို့နယ်မှာ အမျိုးသားရေး စာရေးဆရာ မောင်သွေးချွန်က နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ ဟောပြောမှုကြောင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရပါသေးတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ မင်းကင်းမြို့နယ်အတွင်း နိုင်ငံရေးပါတီပေါင်း (၆) ပါတီက ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက် ယှဥ်ပြိုင်မှာဖြစ်ပြီး တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း (၁) ဦးအပါဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၂) ဦးရှိပါတယ်။ မြို့နယ်တွင်း မဲရုံပေါင်း (၁၃၃) ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူ ကျား(၄၂၂၅၃) ဦးနှင့် မ (၄၅၁၅၀) ဦး စုစုပေါင်း (၈၇၄၀၃)ဦးရှိပါတယ်။ လက်ရှိအနေအထားမှာတော့ မင်းကင်းမြို့နယ်တွင် နိုင်ငံရေးပါတီတွေက အပြိုင်အဆိုင် မဲဆွယ်စည်းရုံးတာတွေ ရှိနေပြီး တချို့နေရာမှာတော့ တရားစွဲဆိုတာနှင့် ကော်မရှင်ကို တိုင်ကြားတာတွေရှိတယ်လို့ သိရပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းအတွင်း မင်းကင်းမြို့နယ်က ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ မြို့နယ်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လက်ရှိ ဆောက်လုပ်ရေးပြည်ထောင်စု ဒုဝန်ကြီး ဦးကျော်လင်း၊ ပြည်ခိုင်ဖြိုးပါတီဖက်က လက်ရှိလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်တို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

လွင်မင်း (မျက်မှောက်ခေတ်)၊ ရွှေစွန်ညို (မင်းကင်း)

error: Content is protected !!