စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်အတည်ပြုလူနာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ညခိုးထွက်ကာ အပြင်ထွက်စျေးဝယ်မှု အောက်တိုဘာလ ၁၃ ရက်နေ့ ညဦးပိုင်းက ဖြစ်ခဲ့ပါတယ်။ အခုလို အပြင်ခိုးထွက်ဈေးထွက်ဝယ်တာကို ထွေအုပ်ဝန်ထမ်းတစ်ဦးက စတင်တွေ့ရှိခဲ့ပြီး စစ်ဆေးရာက ပေါ်ပေါက်ခဲ့တာပါ။ ဆေးကုသမှုခံယူနေသူ ရဲတပ်ဖွဲ့ဝင်နှစ်ယောက်က ရန်ကုန်တိုင်းကနေ ယင်းမာပင်မြို့နယ်ရှိ ရဲတပ်ရင်း ၂၈ ကို ပြောင်းရွှေ့လာသူတွေထဲကပိုးတွေ့ ရဲဝန်ထမ်းတွေနဲ့ ထိစပ်သူတွေဖြစ်ပြီး ဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် ခွင့်ပြုချက်မရှိဘဲ ဆေးရုံအုတ်တံတိုင်းအားကျော်ကာ မုံရွာ-ပုလဲ-ဂန့်ဂေါလမ်းဘေးရှိ ရတနာအောင် စားသောက်ဆိုင်ကို စားသောက်စရာတွေ သွားရောက်ဝယ်ယူခဲ့တဲ့အတွက် ဥပဒေအရ အရေးယူမယ်လို့ ယင်းမာပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။
“သူတို့ကို သတ်မှတ်ရက် (၁၁) ရက်ပြည့်ပြီးတဲ့အချိန်မှာ အရေးယူဖို့အတွက် ဆောင်ရွက်သွားမှာပါ။ သူတို့က ရဲတပ်ရင်း(၂၈)က ရဲတပ်သားတွေဖြစ်ပါတယ်။ ပိုးတွေ့တဲ့အတွက် (၁၂) ရက်နေ့က ခေါ်လာပြီးတော့ ဆေးရုံးမှာ Quarantine ထားထားတာပါ။ ဝန်ထမ်းဆိုတော့ သက်ဆိုင်ရာ ရဲတပ်ရင်းကလည်း အထက်အဆင့်ဆင့်ကို တင်ပြသွားမယ်။ ကျနော်တို့ မြို့နယ် COVID19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေးကော်မတီကလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူနိုင်ဖို့အတွက် အထက်အဆင့်ဆင့်ကို တင်ပြပြီးတော့ လမ်း ညွှန်မှုခံယူသွားမှာပါ။”လို့ ယင်းမာပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးငြိမ်းထက် ကပြောပါတယ်။
ရဲတပ်သားနှစ်ဦး စားသောက်စရာ သွားရောက်ဝယ်ယူခဲ့တဲ့ ရတနာအောင် စားသောက်ဆိုင်ကိုလည်း ပိတ်သိမ်းဆောင်ရွက်ထားရှိပြီး ဆိုင်ပိုင်ရှင်၊ အလုပ်သမားတွေနှင့် ဆိုင်ကို ပါဆယ်လာရောက် ဈေးဝယ်လာသူတွေကို Stay at home နေထိုင်စေပြီး အောက်တိုဘာလ ၁၆ ရက်နေ့မှာ swab နမူနာ ရယူသွားမယ်လို့လည်း သိရပါတယ်။ ပိုးတွေ့လူနာနှစ်ယောက်သွားခဲ့တဲ့ လမ်းတစ်လျှောက်နှင့် ရတနာအောင် စားသောက်ဆိုင်တို့ကို ပိုးသတ်ဆေးဖြန်းတာ၊ ဆေးရုံခြံစည်းရိုးကို လုံခြုံမှုရှိစေရေးအတွက် ဘယ်ရီဂိတ်တွေချထားတာ၊ သွပ်ဆူးကြိုးတွေ/ပိတ်စိမ်းစတွေ ကားရံတာတွေ လုပ်ဆောင်ထားတယ်လို့ မြို့နယ် Complain Center ကလည်း ထုတ်ပြန်ထားပါတယ်။ ယင်းမာပင်မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၂၀ ဦးရှိပြီး ဆေးရုံက ဆင်းခွင့်ရရှိသူ ၂ ဦးရှိတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အောက်တိုဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ချက်အရ သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ ပိုးတွေ့အတည်ပြုလူနာ ၂၁၆ ဦး၊ ဆေးရုံက ဆင်းခွင့်ရသူ ၉၉ ဦးရှိပြီး သေဆုံးသူမရှိသေးဘူးလို့ အောက်တိုဘာလ ၁၃ ရက်နေ့က တိုင်းအစိုးရကနေ ထုတ်ပြန်ထားပါတယ်။
ပိုတေး