Home > သတင်း > ကျန်းမာရေး > တစ်နိုင်ငံလုံး ကိုဗစ်ပိုးတွေ့သူ ၃ သောင်းကျော်ထိ ရှိလာ

တစ်နိုင်ငံလုံး ကိုဗစ်ပိုးတွေ့သူ ၃ သောင်းကျော်ထိ ရှိလာ

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကို ၂၀၂၀ ခုနှစ်၊ မတ်လက စတင်ကာ တွေ့ရှိခဲ့တာပါ။ ရောဂါပိုးစတင်တွေ့ရှိခဲ့ချိန်ကနေ အောက်တိုဘာလ ၁၃ ရက်နေ့ထိ ၈ လတာကာလအတွင်း ရောဂါပိုးတွေ့ရှိသူက ၃၀၄၃၇ ဦးထိ ရှိလာပြီလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာလ ၁၃ ရက်နေ့ ည ၈ နာရီအချိန် ထုတ်ပြန်ချက်အရ သိရပါတယ်။ ဩဂုတ်လ အစောပိုင်းကာလအထိ ပြည်ပက ပြန်လည်ဝင်ရောက်လာသူတွေမှာသာ အဓိကတွေ့ရှိခဲ့ရပြီး ဩဂုတ်လနောက်ပိုင်းမှာတော့ ရခိုင်ပြည်နယ်ကစတင်ကာ ပြည်တွင်းကူးစက်မှုအဖြစ် ဆက်တိုက်ဆိုသလို တွေ့ရှိလာရတာလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ကိုဗစ်ပိုး စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၄၄၀၀၀၀ ကျော်ရှိပြီဖြစ်ကာ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၃၀၄၃၇ ဦးထိ ရှိနေပြီး ပြန်လည်သက်သာပျောက်ကင်းသူ ၁၁၇၆၉ ဦးနှင့် သေဆုံးသူ စုစုပေါင်းကလည်း ၆၉၃ ဦးထိ ရှိနေပြီဖြစ်ပါတယ်။ လက်ရှိမှာ ရောဂါပိုးရှိမရှိ အချိန်တိုအတွင်း သိရှိနိုင်တဲ့ Rapid Antigen Diagnostic Test Kit တွေနဲ့လည်း စစ်ဆေးပေးနေတာကြောင့် ပိုးတွေ့သူ များလာကြောင်းကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ တိုင်းနှင့်ပြည်နယ်အားလုံးမှာ ရောဂါပိုးကူးစက်ခံရမှု အများဆုံးကတော့ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး ၂၅၀၀၀ ကျော်ထိ ကူးစက်ခံထားရတယ်လို့လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ သတင်းတွေအရ သိရပါတယ်။

လွင်မင်း (မျက်မှောက်ခေတ်)

error: Content is protected !!