Home > သတင်း > စီးပွားရေး > နာဂဒေသ ပန်ဆောင်တွင် လောင်းမီးပိုးကျလို့ စပါးခင်းတွေပျက်စီး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့တွင် စပါးခင်းတွေမှာ လောင်မီးပိုးကျရောက်ခဲ့တာကြောင့် စပါးခင်းတွေ ပျက်စီးခဲ့ပါတယ်။ အဲဒီအတွက် မိုးစပါးအထွက်နှုန်း ထက်ဝက်ခန့် လျော့ကျသွားနိုင်တယ်လို့ ပန်ဆောင်မြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးက သိရသည်။ ပန်ဆောင်မြို့နယ်ခွဲအတွင်းက ကျေးရွာ (၉) ရွာမှာ စိုက်ပျိုးထားတဲ့ မိုးစပါးဧက (၁၇၅) ဧကအတွင်း ဩဂုတ်လ ဒုတိယအပတ်မှာ လောင်မီးပိုးတွေ ကျရောက်ခဲ့တာလည်းဖြစ်ပြီး စိုက်ဧကအချို့ ပျက်စီးခဲ့တာပါ။

“ပိုးကျတဲ့စိုက်ခင်းတွေက အခုကောင်းသွားပါပြီ။ အနှံတွေလည်း ထွက်လာပါပြီ။ ကျွန်တော်တို့က ပိုးကျတဲ့ အချိန်ကစပြီး ကာကွယ်ဆေးတွေလိုက်ဖြန်းတယ်။ ဩဂုတ်လကုန်ပိုင်းလောက်မှာ ပိုးမွှားကျရောက်မှုကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ တစ်ချို့အခင်းတွေကျတော့ အနှံထိခိုက်မှုရှိတော့ ရှိပါတယ်။ တစ်ချို့နေရာတွေကျ တော့ ဒီမှာမိုးလည်းသည်းတော့ ရေဝပ်နေတဲ့သဘောလည်း ဖြစ်နေတော့ ကာကွယ်ဆေးဖြန်းလို့ မရတဲ့အတွက် ပျက်ဆီးခဲ့တာလည်း ရှိပါတယ်။ ပိုးကျတဲ့အကွက်တွေက အထွက်နှုန်း အနည်းငယ်တော့ ထိခိုက်မှုရှိပါတယ်။ တစ်ချို့အကွက်တွေက အထွန်းနှုန်းတစ်ဝက်လောက်အထိ ထိခိုက်နိုင်တယ်။ တစ်ချို့တွေကတော့ ပုံမှန် အထွက်နှုန်းထက် နည်းနည်းဘဲ လျော့မှာပါ။”လို့ ပန်ဆောင်မြို့ စိုက်ပျိုးရေးဦးစီးမှူး ဦးယုတ္တိက ပြောပါတယ်။

လောင်မီးပိုးကျရောက်တဲ့ စိုက်ခင်းတွေကို ပိုးကျရောက်တဲ့အချိန်ကတည်းက စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူတွေပူးပေါင်းကာ အချိန်မီကာကွယ်‌ ဆေးဖြန်းခဲ့လို့ လက်ရှိမှာတော့ တချို့လယ်တွေမှာ အနှံတွေထွက်နေပြီဖြစ်ပေမယ့် ပါပုန်ကျေးရွာက ရေဝပ်ဧရိယာမှာ စိုက်ပျိုးထားတဲ့ လယ်တချို့ကတော့ ဆေးမဖြန်းခဲ့ရလို့ ပျက်စီးခဲ့ပါတယ်။

“လောင်မီးပိုးကျလို့ ဆေးမဖြန်းနိုင်ဘဲ ပျက်ဆီးသွားတာက (၁၂) ဧက ‌ရှိပါတယ်။ အဲဒီပျက်စီးတဲ့အခင်း တွေက ချိုင့်ဝှမ်းတွေထဲစိုက်ထားတာ ‌တွေပါ။ အဲဒီမှာမိုးကများတော့ ချိုင့်ဝှမ်းတွေထဲမှာ ရေကြီးနစ်မြုပ် ဖြစ်ခဲ့ပြီး ရေပြန်ပေါ်တဲ့အချိန်မှာ ပိုးကကျတော့ ဗွက်တွေ၊ နွံတွေနဲ့ဆိုတော့ အဲဒီအထဲဆင်းပြီးတော့ ဆေးမဖြန်းနိုင်တော့ ပျက်ဆီးဖြစ်သွားတာပါ။ ဆေးဖြန်းနိုင်တဲ့ အကွက်တွေကတော့ အနှံတွေထွက်နေပါပြီ။ အခင်းတွေလည်း ကောင်းပါတယ်။”လို့ စစ်ကိုင်းတိုင်း‌ ဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ပိုးမွှားဌာနစိတ်တာဝန်ခံ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

ပန်ဆောင်မြို့နယ်ခွဲအတွင်းရှိ တကုန်းကျေးရွာ၊ နောင်ဆိုင်ကျေးရွာ၊ နာယန်းကျေးရွာ၊ ပါပုန်ကျေးရွာ၊ ခမ္မကိကျေးရွာ စတဲ့ ကျေးရွာတွေအပါအဝင် ကျေးရွာ (၉) ရွာက တောင်သူ (၁၇၂) ဦး စိုက်ပျိုးထားတဲ့ မိုးစပါးစိုက်ခင်း (၁၇၅) ဧကရှိကာ ပိုးကျခဲ့တာပါ။ လုံးဝပျက်စီးတာ ၁၂ ဧက ရှိခဲ့ပြီး ဧက ၃၀ ကျော်ကတော့ တဝက်တပျက် ပျက်စီးခဲ့တာပါ။ နာဂကိုယ့်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့နယ်ခွဲမှာ အခုနှစ် မိုးသီးနှံအနေနဲ့ မိုးစပါး (၅၁၈၂) ဧက၊ ပဲမျိုးစုံ (၂၇၁) ဧက၊ မိုးနှမ်း (၅၈) ဧက၊ စား ဖိုဆောင်သီးနှံ (၂၄၆) ဧက၊ အခြားသီးနှံ (၄၃၁၄) ဧက၊ နှစ်ရှည်သီးနှံ (၉၇၃) ဧက၊ စုစုပေါင်း (၁၁၀၄၄) ဧက စိုက် ပျိုးနိုင်ခဲ့တယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနရုံး စာရင်းတွေအရ သိရပါတယ်။

အေပီတီ (မျက်မှောက်ခေတ်)

error: Content is protected !!